ပဲခူး ၊ ၅ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ဆည်မြောင်းတည်ဆောက်ရေး(၂) ရိပ်သာတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက မြေနုကျွန်းအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
မြေနုကျွန်းအငြင်းပွားမှု ကိစ္စရပ်များသည် ပြည်ခရိုင် ရွှေတောင်မြို့နယ်နှင့် ဟင်္သတခရိုင် ကြံခင်းမြို့နယ် အကြား ဧရာဝတီမြစ်အတွင်း ပေါ်ထွန်းလေ့ရှိသော မြေနုကျွန်းများနှင့်ပတ်သက်၍ ကျေးရွာအုပ်စုများ အငြင်းပွားမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် နှစ်ဖက်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးရခြင်း ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ်နှင့် ဟင်္သတခရိုင် ကြံခင်းမြို့နယ်အကြား ဧရာဝတီမြစ်အတွင်း ပေါ်ထွန်း လေ့ရှိသော မြေနုကျွန်းများပေါ်ထွန်းလာမှုအခြေအနေ၊ အငြင်းပွားမှုဖြစ်ပွားနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် အဖွဲ့များက ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နှစ်ဖက် တိုင်းဒေသကြီး ဝန်ကြီးများက ဆောင်ရွက်သင့်သည်များကို ညှိနှိုင်းလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ရွှေတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးများ၊ ပြည်ခရိုင် အုပ်ချုပ်ရေး မှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီးမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီး လယ်စီအင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ ဟင်္သတခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)


