၂ ဇွန်

 

ဒေါ်လာဈေး၊ ရွှေဈေးနှင့်တရုတ်ငွေဈေးများ အဆမတန်မြင့်တက်လာပြီးနောက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုစရိတ်များလည်း လိုက်ပါမြင့်တက်ကုန်သည့် အချိန်တွင် သဘာဝမြေဩဇာများကို ကြားညှပ်ထည့်သွင်းအသုံးပြု၍ စိုက်စရိတ်ကာမိအောင် ဆောင်ရွက်သင့်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများထံမှ သိရသည်။

 

"စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ တက်နေတဲ့အပြင် သက်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းနဲ့ တင်ပို့ရောင်းချတဲ့ သီးနှံတွေကို ထုတ်ပိုးမှုစရိတ်၊ သယ်ယူပို့ဆောင်မှုစရိတ်တို့

အဆပေါင်းများစွာ တပါတည်းမြင့်မားလာပါတယ်။ စိုက်ပျိုးရေးဆေးနဲ့ တခြားသွင်းအားစုတွေ ဝယ်ယူတဲ့အခါ Made in ဘယ်နိုင်ငံထုတ်လဲ ဆိုပြီး တချို့တောင်သူတွေက မေးကြတယ်။ ၉၈ ရာခိုင်နှုန်းကတော့ တရုတ်နိုင်ငံကသာ မှာယူတင်သွင်း ရောင်းချနေတာပါ။ အခုလို ဓာတုမြေဩဇာတွေ ဈေးတက်နေတဲ့အချိန်မှာ သဘာဝမြေဩဇာတွေကိုလည်း မျှပြီး သုံးစွဲပေးသင့်ပါတယ်။ ဆွေးမြေ့ထားပြီး သန့်စင်ထားပြီးသား ကြက်ချေးဆွေး(အသန့်)ကို မြေဩဇာအဖြစ် သုံးစွဲပေးနိုင်ပါတယ်"ဟု အရှေ့မြောက်တံခါးသစ်သီးကုမ္ပဏီ၏ အရောင်းမန်နေဂျာတစ်ဦးဖြစ်သူ စိုးမိုးဂျူလှိုင်က ပြောသည်။

 

ပြည်တွင်းဈေးကွက်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်ဈေးနှုန်း ၃၀,၀၀၀ (သုံးသောင်းကျပ်)တန်ဖိုးရှိပါက ယခုဈေးနှုန်း ၄၀,၀၀၀ (လေးသောင်း)ကျပ် ဝန်းကျင်အထိ မြင့်တက်နေပြီး တစ်အိတ်လျှင် ၁၀,၀၀၀(တစ်သောင်း)ကျပ်နှုန်း ဈေးမြင့်တက်နေခြင်း ဖြစ်သည်။

 

"ကွန်ပေါင်းတွေ အများကြီးရှိတဲ့အနက် BB လိုမျိုး သုံးရောင်ခြယ်ဓာတ်မြေဩဇာ၊ KCL ပိုတက်ရောစပ်သော ရိုးရိုးကွန်ပေါင်းတွေ၊ တီစူပါရောစပ်တဲ့ သာမန်ကွန်ပေါင်းမြေဆီတွေ၊ ပုလဲအခြေခံဓာတ်မြေဩဇာတွေနဲ့ တခြားအဆင့်မြင့်ကုန်ကြမ်းတွေ ရောစပ်ထားတဲ့ ကွန်ပေါင်းမြေဩဇာတွေဆိုပြီး ကွဲပြားစွာရှိနေပါတယ်။ ဒါတွေကို အခုချိန်ထိ ခွဲခြားနားလည်ခြင်းမရှိသေးတဲ့ တောင်သူတချို့ကတော့ ဈေးသက်သာပြီး ကြော်ငြာအားကောင်းတဲ့ မြေဆီတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြပါတယ်။ ဒီကြားထဲမှာ ကွန်ပေါင်းကို ကွန်းပလပ်စ်လို့ အမည်ပြောင်းပေးပြီး တောင်သူတွေထင်ယောင်ထင်မှားဖြစ်အောင် စီမံရောင်းချနေတဲ့ မြေဆီတချို့လည်း ရှိပါတယ်။ အများစုက ကိုယ်ရောင်းတဲ့ပစ္စည်း၊ ကိုယ်နဲ့နီးစပ်တဲ့ပစ္စည်းကိုသာ ညွှန်ကြပါတယ်။ ဘယ်သူကမှ အာမခံချက် မပေးနိုင်ကြပါဘူး"ဟု ဦးစိုးမိုးဂျူလှိုင်က ဆက်လက်ပြောသည်။

 

ယခုကဲ့သို့ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်း ဈေးနှုန်းများမြင့်တက်နေချိန်တွင် အရည်အသွေးကောင်းမွန်သည့် အမျိုးအစားများကို မသုံးစွဲနိုင်ပါက သဘာဝမြေဩဇာများ သုံးစွဲပေးခြင်းနှင့် ဓာတုမြေဩဇာများ သုံးစွဲပါကလည်း စနစ်တကျ အချိုးအဆမှန်ကန်စွာ အသုံးပြုခြင်းတို့ကို ကြိုးစားကျင့်သုံးမှသာ မြေဆီလွှာပျက်စီးဆုံးရှုံးခြင်းမှ ကင်းဝေးပြီး စားသုံးသူများ ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစိတ်ချစေနိုင်မည် ဖြစ်သည်။

 

နန်းထက်ထက်ချစ်