နေပြည်တော် ဇူလိုင် ၂၅

မြေဩဇာကော်မတီ (၃၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ် က ဓါတ်မြေဩဇာလုပ်ငန်းသည် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်းများ အနေဖြင့်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြေဩဇာထုတ်လုပ်၊ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသူများ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း၌ ဓာတ်မြေဩဇာစက်ရုံ တည်ထောင်လုပ်ကိုင်လိုပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုများ ရောင်းဝယ်ဖောက်ကားခြင်းကို ဇုန်ဧရိယာသတ်မှတ် ဆောင်ရွက်ရန်လိုအပ်ပါက သက်ဆိုင်သူများနှင့် ဆွေးနွေးအဖြေရှာပြီး စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဆက်လက်တင်ပြလာသည့် မြေဩဇာမှတ်ပုံတင် ထုတ်ပေးရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြပြီး မြေဩဇာကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

မြေဩဇာကော်မတီအနေဖြင့် (၃၈)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာ မှတ်ပုံတင် စုစုပေါင်း အစောင် ၁၀၁၇၀ ကို  ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်