နေပြည်တော်၊ ဩဂုတ်၁၉

မြေဩဇာကော်မတီ၏ (၄၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဌက လက်ရှိကြုံတွေ့ရလျက်ရှိသော မိုးစပါး စိုက်ခင်းများ ရေကြီးနစ်မြုပ်မှုနှင့် သီးနှံထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဧရိယာများအား  သွင်းအားစုများဖြင့် အချိန်မီပြန်လည်ကုစားရေး ဆောင်ရွက်ရာတွင် ဓါတ်မြေဩဇာ သွင်းအားစုများအား စနစ်တကျထည့်သွင်းနိုင်ရေး နည်းပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်လျက်ရှိကြောင်း။ 

စိုက်ခင်းများ၌ ထည့်သွင်းလိုက်သည့် မြေဩဇာအာဟာရများ ပျောက်ဆုံးမှုမရှိစေပဲ အပင်က ထိရောက်စွာ စုပ်ယူစားသုံးနိုင်ရေးအတွက် အပင်ကျန်းမာ၍ အမြစ်များ သန်စွမ်းစေရန် သဘာဝ မြေဩဇာနှင့် ရောစပ်အသုံးပြုခြင်း၊ ရွက်ဖျန်းအပင်အားဆေးများ အသုံးပြုခြင်းအပြင် အဆိပ်အတောက်ဖြစ်စေသော ဓါတ်သတ္ထုများကို အပင်က မစုပ်ယူနိုင်စေရန် စိုက်ခင်း မြေပြင်ရာ၌ စက်ဖွဲပြာများ ထည့်သွင်းပေးခြင်း၊ ကောက်ရိုးမီးသွေး ပြုလုပ်သုံးစွဲခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနှင့် မိုးဆီထွက်သီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး၊ တောင်သူများအနေဖြင့် သီးနှံများအထွက်နှုန်း တိုးတက်စေရေးအတွက် မြေဩဇာများ မဖြစ်မနေ ဝယ်ယူသုံးစွဲရလျက်ရှိရာ အရည်အသွေးပြည့်ဝသည့် မြေသြဇာကို စျေးနှုန်း မှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကော်မတီဝင်များအနေဖြင့် မြေသြဇာလုပ်ငန်းနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကိုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီအနေဖြင့် အရည်အသွေးပြည့်မီသော မြေဩဇာများကို စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူများအချိန်နှင့် တစ်ပြေးညီ သုံးစွဲနိုင်ရေးအတွက် (၃) လ တစ်ကြိမ် အစည်းအဝေး ပြုလုပ်ပြီး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် မြေဩဇာ မှတ်ပုံတင်များကို ထုတ်ပေးခဲ့ရာ မြေဩဇာကော်မတီ အစည်းအဝေး (၄၁) ကြိမ် မြောက် ပြီးဆုံးသည့်ကာလအထိ မှတ်ပုံတင်လက်မှတ်ပေါင်း (၁၁၅၇၃) စောင် ခွင့်ပြုပေးနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ကာယကံရှင်၏ တင်ပြချက်အရ မြေဩဇာမှတ်ပုံတင် (၁၉၅၇) စောင် ပယ်ဖျက်ခဲ့ပြီး၊ သက်တမ်းကျော်လွန်၍ ဌာနကဖျက်သိမ်းသည့် မြေဩဇာမှတ်ပုံတင် (၂၇၉၃) စောင် ရှိသဖြင့် လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ဆဲ မြေဩဇာမှတ်ပုံတင် (၆၈၂၃) စောင် ရှိကြောင်း သိရသည်။

သတင်းစဉ်