နေပြည်တော်၊ ဒီဇင်ဘာ ၂
မြေဩဇာကော်မတီ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေဩဇာ ကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး မြေသြဇာမှတ်ပုံတင်ခြင်းနှင့် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း ပြည့်မီသော မြေသြဇာများကို စိုက်ပျိုးသူများ သုံးစွဲနိုင်ရန်အတွက် မြေဩဇာကော်မတီက မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင်ပေးတဲ့လုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် မြေဩဇာကို မဖြစ်မနေ ဝယ်ယူသုံးစွဲနေကြရခြင်းကြောင့် အရည်အသွေးပြည့်ဝသော မြေသြဇာများကို စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ရာသီချိန်မီသုံးစွဲနိုင်ရေးအတွက် မြေသြဇာလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြေဩဇာကော်မတီ အတွင်းရေးမှူးက မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့က စိစစ်ထောက်ခံ တင်ပြလာသည့် မြေဩဇာထုတ်လုပ်၊ တင်သွင်း မှတ်ပုံတင် လျှောက်လွှာများနှင့် ပတ်သက်၍ တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် မြေဩဇာ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် သုံးသပ်ဆွေးနွေးကြသည်။
ယနေ့ကျင်းပမည့် (၄၃) ကြိမ်မြောက် အစည်းအဝေးတွင် မြေဩဇာ ထုတ်လုပ်၊ တင်သွင်း မှတ်ပုံတင်လျှောက်လွှာ အစောင် (၃၀၀)ကို စိစစ်ဆွေးနွေးခဲ့ကြကာ၊ (၄၂) ကြိမ်မြောက် မြေဩဇာကော်မတီအထိ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ခွင့်ပြုခဲ့သော မြေဩဇာ မှတ်ပုံတင် လက်မှတ်ပေါင်း (၁၁၉၉၆) စောင် ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း ကာယကံရှင်များ၏ တင်ပြချက်အရ ပယ်ဖျက်ခြင်း နှင့် သက်တမ်းကျော်လွန်သဖြင့် ဌာနက ဖျက်သိမ်းခြင်းများကြောင့် ယနေ့အထိ မြေဩဇာမှတ်ပုံတင်လက်မှတ်ပေါင်း (၇၁၁၆) စောင်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


