နေပြည်တော်၊ အောက်တိုဘာ ၂၈
မြေဩဇာများကို တင်သွင်းထုတ်လုပ် ဖြန့်ချိနိုင်ရေးအတွက် မြေဩဇာနည်းပညာကော်မတီက စစ်ဆေးအတည်ပြုတင်ပြလာသည့် လုပ်ငန်းများအပေါ် မြေဩဇာကော်မတီက တည်ဆဲမြေဩဇာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီစိစစ်ပြီး မှတ်ပုံတင်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြေဩဇာကော်မတီ၏ (၃၆)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးချိန်အထိ မြေဩဇာမှတ်ပုံတင် (၉၅၀၀) ကျော်ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြေဩဇာကော်မတီ ၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ကော်မတီဝင် များ စုံညီစွာ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတကာတွင် ဓာတ်မြေဩဇာ ဈေးနှုန်းများ ကြီးမြင့်လာ မှုကြောင့် ပြည်တွင်းသုံးစွဲသူ တောင်သူများ အနေဖြင့်လည်း ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချပြီး သဘာဝ မြေဩဇာနှင့်တွဲဘက် သုံးစွဲမှုများပြားလာကြသည်နှင့်အမျှ သဘာဝမြေဩဇာ ထုတ်လုပ် ရောင်းချမှုများလည်း တိုးပွားလာလျက်ရှိကြောင်း၊ ဈေးကွက် လိုအပ်ချက်အရ သဘာဝမြေဩဇာကို စီးပွားဖြစ် ထုတ်လုပ်သူများရှိသကဲ့သို့ တပိုင်တနိုင် လုပ်ကိုင်သူများလည်း ဒေသအနှံ့တွင် ရှိနေ ကြောင်း၊ သို့ဖြစ်ရာ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချသူနှင့် သုံးစွဲသူ တောင်သူများ၏ ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် တည်ဆဲမြေဩဇာ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်စေရေး၊ ထုတ်လုပ်ရောင်းချသော သဘာဝမြေဩဇာ၏ ပါဝင်ပစ္စည်းနှင့် ထုတ်လုပ်မှု အရည်အသွေး အာမခံချက်ရှိရေးအတွက် လိုအပ်သော ထိန်းကျောင်း ကြပ်မတ်မှုနှင့် နည်းပညာ ပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က အစည်းအဝေးတွင် သုံးသပ်ဆောင်ရွက်ရမည့် မြေဩဇာတင်သွင်းခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ မြေဩဇာ မှတ်ပုံတင်ခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ်များကိုတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)