နေပြည်တော် ၂၄ ဒီဇင်ဘာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ ဆီထွက်သီးနှံ သုတေသန ဌာနစုရှိ သုတေသနပညာရှင်များသည် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ ရာသီဥတု ပြောင်းလဲမှုအား လိုက်လျောညီထွေမှု/ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ အပင်မျိုးရိုး ဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် မျိုးပွားများခြင်း၊ မျိုးစေ့ထုတ်ခြင်းနှင့် သုတေသနနှင့် နည်းပညာတိုးတက်ရေး အစရှိသော သုတေသနအစီအစဉ်များအောက်တွင် ဆီထွက်သီးနှံ သုတေသန စီမံကိန်း (၄၁) ခုကို သုတေသနပြု ဆောင်ရွက်လျက်ရှိေကြာင်း သိရသည်။
အဆိုပါ သုတေသန အစီအစဉ်များအနက် အပင်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး အစီအစဉ်အောက်ရှိ ဗီဇကွဲမျိုးများ၏ အရည်အချင်းလက္ခဏာများ မှတ်တမ်းတင်ခြင်း၊ မျိုးသန့်ပွား များခြင်းနှင့် သွေးသစ်လောင်းစိုက်ပျိုးခြင်း စီမံကိန်းလုပ်ငန်းခွဲအောက်တွင် မြေပဲမျိုးများ၏ အရည်အချင်း လက္ခဏာများအား လေ့လာခြင်းသုတေသနကို ဆောင်ရွက်လျက်ရှိသည်။
ယင်းသုတေသနသည် မြေပဲမျိုးများ၏ အရည်အချင်းလက္ခဏာများကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ်အကာ အကွယ်ပေးရေးကွန်ဗန်းရှင်းက ချမှတ်ထားသည့် သတ်မှတ်လမ်းညွှန်ချက်- UPOV Test Guideline အရ မှတ်တမ်းများကောက်ယူရန်နှင့် မြေပဲသီးနှံအတွက် သီးနှံဆိုင်ရာ National Test Guideline ဖော်ဆောင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ သုတေသနတွင် မြေပဲမျိုး (၃၀) ၏ အရည်အချင်းလက္ခဏာများဖြစ်သော မြေပဲပင်၏ ရုပ်သွင်ပြင်ဝိသေသ လက္ခဏာများ (အပင်ကြီးထွားမှုနှင့်၊ အကိုင်းဖြာထွက်မှု၊ အရွက်အရောင် (အစိမ်းအနုမှ အရင့်)၊ အရွက်အထူအပါး၊ အရွက်ပုံသဏ္ဍန်၊ ပန်းပွင့်မှုပုံစံ စသည်)နှင့် အထွက်နှင့် အထွက်နှုန်း မိတ်ဘက်လက္ခဏာ မှတ်တမ်းများအား စနစ်တကျ သိပ္ပံနည်းကျစွာ ကောက်ယူသွားမည် ဖြစ်သောကြောင့်၊ မကြာမီအတွင်း မြေပဲမျိုး တစ်မျိုးချင်းစီအလိုက် အရည်အချင်းလက္ခဏာများအား တိကျစွာ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မေမိုးသဲ


