ဟားခါး ၂၂ မတ်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ် ၂၁ ရက်က ဂျပန်နိုင်ငံ JICA မှ ပညာရှင်များ ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့သည် ညနေ ၄ နာရီခွဲတွင် ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်သင့်သည့် အရာများ၊ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြေပြိုဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးနောက် ဒေသအခြေအနေနှင့် ကိုက်ညီမည့် ဆောင်ရွက်ရန်အချက်များကို ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှူး ဦးခုတ်ကန်းကျင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အဆိုပါရုံးအတွင်းထားရှိသည့် မိုးလေဝသစခန်းတိုင်းတာရေး ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ဂျပန်နိုင်ငံ JICA အဖွဲ့အနေဖြင့် ဟားခါးမြို့တွင် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အာရုံခံစက် ၂ လုံးကို ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်နှင့် ဟားခါးထာရ် မြို့သစ်ရပ်ကွက်တို့တွင် ၂ နေရာ တပ်ဆင်ထားရှိပြီး အာရုံခံစက် ၂ လုံးကို ထပ်မံထားရှိနိုင်ရေး ဒုတိယအကြိမ် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က ဟားခါးမြို့တွင် မြေပြိုဘေး ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ မိုးရေချိန်မှတ်တမ်းများ အပေါ်အခြေခံ၍ မြေပြိုဘေးနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေပြိုဘေးကျရောက်နိုင်သည့် အခြေအနေများတွင် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရေး သတင်းအချက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနိုင်ရေး သက်ဆိုင်ရာအစိုးရအဖွဲ့၊ တာဝန်ရှိသော ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ JICA မှ Hayato NAKAMURA (Project Formulation Advisor)က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


