ဟားခါး ၂၂ မတ်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဂျပန်နိုင်ငံ JICA မှ ပညာရှင်များ ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရှိရသည်။

 

‌ေ

 

အဆိုပါအဖွဲ့သည် မတ် ၂၁ ရက်က ညနေ ၄ နာရီခွဲတွင် ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရုံးသို့ရောက်ရှိပြီး ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်သင့်သည့် အရာများ၊ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြေပြိုဘေးအပါအဝင် သဘာဝဘေး အန္တရာယ်များ မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီးနောက် ဒေသအခြေအနေနှင့် ကိုက်ညီမည့် ဆောင်ရွက်ရန်အချက်များကို ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှူး ဦးခုတ်ကန်းကျင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အဆိုပါရုံးအတွင်းထားရှိသည့် မိုးလေဝသစခန်းတိုင်းတာရေး ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဂျပန်နိုင်ငံ JICA အဖွဲ့အနေဖြင့် ဟားခါးမြို့တွင် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အာရုံခံစက် ၂ လုံးကို ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်နှင့် ဟားခါးထာရ် မြို့သစ်ရပ်ကွက်တို့တွင် ၂ နေရာ တပ်ဆင်ထားရှိပြီး အာရုံခံစက် ၂ လုံးကို ထပ်မံထားရှိနိုင်ရေး ဒုတိယအကြိမ် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း သိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)