ဝင်းဇင်(သုတေသန)

 

ဇူလိုင် ၂၁ ရက်နှင့် ဇူလိုင် ၂၂ ရက်တို့တွင် အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ဂိုဖာခရိုင်ရှိ ကန်ချိုရှာခါဂေါ့ဒီ ကျေးရွာ၌ မိုးသည်းထန်စွရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သေဆုံးသူ ၂၅၀ အထိ ရှိလာပြီဖြစ်ကြောင်း နှင့် ၅၀၀ အထိ တိုးလာနိုင်ဖွယ်ရာရှိကြောင်း သတိပေးထားသည်။ လက်ရှိအချိန်အထိ ထိခိုက်လွယ်အုပ်စုဖြစ်သည့် ကလေးသူငယ်များ၊ မိခင်များ၊ သက်ကြီးရွယ်အို ၆၀၀ ကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထို့ပြင် အီသီယိုးပီးယားနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုကြောင့် လူပေါင်း ၂ ဒသမ ၅ သန်းခန့် သည် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ရလျက်ရှိသည်။

 

သဘာဝဘေးအန္တရာယ်

 

သဘာဝဘေးအန္တရာယ်သည် လူသားတို့ကို တစ်နေ့တခြား ပိုမိုခြိမ်းခြောက်လာလျက်ရှိရာ အထူးသဖြင့် မိုးရာသီတွင် ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို  ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ကျရောက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော သေကျေဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့သည် လွန်စွာများပြားလျက်ရှိသည်။

 

သက်ရှိများ  မှီတင်းနေထိုင်လျက်ရှိသည့် ဤကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ မြေငလျင်လှုပ်ခြင်း၊ လေမုန်တိုင်း တိုက်ခတခြင်း၊ မိုးကြီးခြင်း၊ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်လာ ခြင်း၊ မိုခေါင်ရေရှားခြင်း၊  ရောဂါအသစ်အဆန်းများ ကျရောက်ခြင်းစသည့် အန္တရာယ်များသည် သဘာဝ ဘေးများပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားနိုင်ပါ သည်။ သဘာဝဘေးအန္တရာယ် မည်မျှကြီးမားသည်ကို သေကျေထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် တိုင်းတာလေ့ရှိကြသည်။

 

မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့်အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊ တောမီးလောင်မှုများ၊ မြေပြိုမှုများနှင့် မီးတောင်ပေါက်ကွဲမှုများသည် လူသားတို့ကို ပျက်စီးဆုံးရှုံးမှု ကြီးမားစေသော သဘာဝဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်လွန်  ကာလများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များ လျင်မြန်စွာ မစတင်နိုင်ခင်ကာလ လူနေမှုဘဝများသည် အလွန်ခက်ခဲကြမ်းတမ်းပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ဘေးအန္တရာယ် ၏ နောက်ဆက်တွဲရောဂါများကိုလည်း ခံစားကြရသည်။

 

ကြိုတင်ပြင်ဆင်ထားသင့်

 

ဇူလိုင်လဆန်းပိုင်းကတည်းကပင် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ဆက်လက် ရွာသွန်းနေဆဲပင်ဖြစ်သည်။ ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းလာပြီနှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နှင့် အခြားသောမြစ်များ၊ ချောင်းများတစ်လျှောက် ဖြတ်သန်းစီးဆင်းရာ မြေနိမ့်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်တတ်သည်။ ကားလမ်း၊ ရထားလမ်းများပေါ်၌လည်း ရေလွှမ်းမိုးလေ့ရှိသည်။ တချို့သော ဒေသများတွင် လမ်း၊ တံတားများပေါ်သို့ ရေကျော်နေသဖြင့် လမ်းပန်းဆက်သွယ်ရေးပင် ပြတ်တောက်သွားသည်။ မြေနိမ့်ပိုင်းရှိအိမ်များသည် ရေနစ်မြုပ်ခံရသည်။ ထို့ကြောင့် မိုးရာသီတွင် ကြုံတွေ့ရတတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်စီမံပြင်ဆင်ထားမှသာလျှင် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။

 

မြေပြိုခြင်းနှင့်တောင်ပြိုခြင်း

 

မြေပြိုခြင်းနှင့်တောင်ပြိုခြင်းသည် တောင်စောင်းနှင့် ဆင်ခြေလျှောပေါ်ရှိ မြေဆီလွှာ၊ ကျောက်များနှင့် ပြန့်ကျဲလျက်ရှိသော ကျောက်စကျောက်န အရောအနှောနှင့် သစ်ပင်၊ ဝါးပင်အပိုင်းအစများ ကမ္ဘာမြေဆွဲအားကြောင့်ဖြစ်စေ၊ ငလျင်လှုပ်၍ဖြစ်စေ၊ မိုးသည်းထန်စွာ ရွာသွန်း၍ဖြစ်စေ တောင်ခြေသို့ လျှောကျလာခြင်း၊ ပြုတ်ကျလာခြင်း နှင့် စီးလာခြင်းတို့ဖြစ်သည်။ ပြိုဆင်းလာသော ပစ္စည်းများ၏ ပြုတ်ကျမှု၊ လျှောဆင်းလာမှုနှင့် စီးဆင်းလာမှုတို့၏ ရွေ့လျားလာသောနှုန်းများမှာ နှေးကွေးစွာလျှောဆင်းခြင်းမှသည် လျင်မြန်စွာ လျှောဆင်းလာလေ့ရှိသည်။ ပြိုဆင်းလာသော မြေသားနှင့် ကျောက်စကျောက်နများသည် လျှောဆင်းလာရာလမ်းကြောင်းရှိ လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ၊ မွေးမြူထားသော တိရစ္ဆာန်များကို သေကျေအနာတရဖြစ်စေသည်။

 

ကမ္ဘာ့ဆုံးရှုံးမှုအများဆုံးမြေပြိုမှုဖြစ်စဉ်များ

 

ကမ္ဘာတစ်ဝန်းတွင် အကြောင်းအမျိုးမျိုး ကြောင့် မြေပြိုမှုနှင့်တောင်ပြိုမှုများ ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုအများဆုံး မြေပြိုမှုဖြစ်စဉ်များ ရှိခဲ့ သည်။ ၎င်းတို့မှာ-

 

ဟိုင်ယွန်မြေပြိုမှု(တရုတ်)

 

၎င်းဖြစ်စဉ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂန်းဆုမြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဟိုင်ယွန် စီရင်စု၌ မြေပြိုမှုဖြစ်စဉ် အကြိမ် ၅၀၀၀၀ အထိ ဖြစ်ပွားခဲ့သည်။ အဆိုပါ မြေပြိုမှုဖြစ်စဉ်များတွင် လူ ၂၀၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများ သည့် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များ အနက်မှ တစ်ခုပင်ဖြစ်သည်။

 

ဗားဂတ်စ်ကြမ္မာဆိုး(ဗင်နီဇွဲလား)

 

၎င်းဖြစ်စဉ်သည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ ဗားဂတ်စ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြေပြိုမှုဖြစ်စဉ်များစွာဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှုများကြောင့် ကားမင်းဒီယူရီယာနှင့် ဆာရိုဂရမ်ဒီမြို့တို့သည် မြေအောက်သို့ လုံးလုံးလျားလျားမြုပ်သွားခဲ့သည်။ ၎င်းဖြစ်စဉ်တွင် အနည်းဆုံး လူ ၃၀၀၀၀ ကျော် သေဆုံးခဲ့သည်။

 

ခါအစ်မြေပြိုမှု(တာဂျစ်ကစ္စတန်)

 

၎င်းဖြစ်စဉ်သည် ၁၉၄၉ ခုနှစ် ဇူလိုင်လတွင် တာဂျစ်ကစ္စတန်နိုင်ငံ ယာချစ်တောင်ကြောရှိ ခါအစ်မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကြီးမားသော မြေပြိုမှုများကြောင့် ကျေးရွာ ၃၃ ရွာသည် မြေအောက်သို့ ရောက်သွားပြီး အနည်းဆုံး လူ ၂၈၀၀၀ သေဆုံး ခဲ့သည်။

 

အာမီရိုကြမ္မာဆိုး(ကိုလံဘီယာ)

 

၎င်းဖြစ်စဉ်သည် ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်ကိုလံဘီယာနိုင်ငံ တိုလီမာရှိ နီဗာဒို မီးတောင်ပေါက်ကွဲရာမှ ချော်ရည်များ၊ ရေခဲများ၊ မြူနှင်းများနှင့် ရွှံ့နွံများစီးကျလာရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချော်ရည်များ၏ မြန်နှုန်းသည် ၁ စက္ကန့် လျှင် ၂၅ ပေခန့် ရောက်ရှိသဖြင့် မီးတောင်အနီးအနားရှိ ကျေးရွာ ၂၉၀၀၀ မှ ပြည်သူ ၂၃၀၀၀ ခန့် သည် ရှောင်တိမ်းချိန်မရဘဲ သေဆုံးသွားခဲ့ရသည်။

 

ယွန်ဂေးမြေပြိုမှု(ပီရူး)

 

၎င်းဖြစ်စဉ်သည် ၁၉၇၀ ပြည့်နှစ် မေ ၃၁ ရက်တွင် ပီရူးနိုင်ငံ ယွန်ဂေးဒေသ၌ မြေငလျင်လှုပ်ခတ်ရာမှ ဖြစ်ပွားခဲ့ခြင်းသည်။ မြေငလျင်ကြောင့် Huascaran တောင်ပေါ်တွင် ရေခဲမြစ်များ အရည်ပျော်ပြီး ကုဗမီတာ သန်း ၁၀၀ ခန့်ရှိသော ရွှံ့နွံများ၊ ရေခဲများနှင့် ကျောက်တုံးများသည် ယွန်ဂေးရွာကို ဖုံးလွှမ်းသွား ခဲ့သဖြင့် လူ ၂၂၀၀၀ ခန့် သေဆုံးခဲ့သည်။ ထိုစဉ်က ရွာသား ၃၅၀ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၃၀၀ သည် ကလေးငယ်များဖြစ်သည်။  

 

ဒိုင်းဇိမြေပြိုမှု(တရုတ်)

 

၎င်းဖြစ်စဉ်သည် ၁၉၅၃ ခုနှစ် ဩဂုတ် ၂၅ ရက် တွင် ဇီချွမ်းပြည် ဒိုင်းဇိမော်စီရင်စုတွင် အကြီးစား မြေငလျင် လှုပ်ခတ်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မြေပြိုမှုများကြောင့် လူ ၉၃၀၀ ခန့် သေဆုံးခဲ့သည်။

 

အိန္ဒိယနိုင်ငံမြောက်ပိုင်းမြေပြိုမှု

 

၎င်းဖြစ်စဉ်သည် ၂၀၁၃ ခုနှစ် ဇွန် ၁၆ ရက် တွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လူ ၆၀၀၀ ကျော် သေဆုံးခဲ့သည်။

 

ဟွာရတ်ဇ် မြေပြိုမှု(ပီရူး)

 

၎င်းဖြစ်စဉ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ပီရူးနိုင်ငံ ဟွာရတ်ဇ်မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မြို့အထက်ပိုင်းရှိ ရေလှောင်တမံ ရေလျှံရာမှ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြို့ခံပြည်သူ ၅၀၀၀ ခန့် သေဆုံးခဲ့သည်။

 

နီဗာဒိုဟွာဆာကာရန် မြေပြိုမှု(ပီရူး)

 

၎င်းဖြစ်စဉ်သည် ၁၉၆၂ ခုနှစ် ဇန်နဝါရီလတွင် ပီရူးနိုင်ငံရှိ ဟွဆာကာရန်တောင်ထိပ်မှ ရေခဲတုံးများ ပြိုကျရာမှဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ရေခဲတုံးများပြိုကျမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၅၀၀ သေဆုံးခဲ့သည်။

 

ကီလတ်မြေပြိုမှု (အင်ဒိုနီးရှား)

 

၎င်းဖြစ်စဉ်သည် ၁၉၁၉ ခုနှစ် မေ ၁၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ ကီလတ် မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကျေးရွာပေါင်း ၁၀၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် အတိဒုက္ခရောက်ခဲ့ပြီး ၂၀၀ ကျော် သေဆုံးခဲ့သည်။

 

မိုးရာသီတွင် မြေပြိုမှုအန္တရာယ်သတိပြုစေလို

 

မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ် များဖြစ်သည့် ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေကျွံခြင်း စသည့်ဖြစ်စဉ်ဖြစ်ရပ်များကို ကြုံတွေ့ရလေ့ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားနိုင်သည်။ ကချင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ရိုးမနှင့် ရှမ်းပြည်နယ်တို့တွင် မြေပြိုမှုအများဆုံး ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် ယခုလိုမိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းရာမှ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အနေဖြင့် အထူးသတိထား နေထိုင်သွားစေလိုပါသည်။

 

ကိုးကား-

(၁)     မြေပြို၊တောင်ပြိုမှု ဘေးအန္တရာယ်လက်စွဲ အကြောင်းအရင်း၊ ဆိုးကျိုးများနှင့် ကြိုတင်ပြင်ဆင်ရေး။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန။

(၂)      The Deadliest Landslides in Recorded History - WorldAtlas