နေပြည်တော် ဇန်နဝါရီ ၂၁

 

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှု ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ များဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများက အသက်(၁၈)နှစ်အထက် လူဦးရေစာရင်း များကို အဆင့်ဆင့်စိစစ်အတည်ပြုပေးပို့လျက်ရှိရာ ယင်းစာရင်းများကို ဗဟိုကော်မတီမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့စိစစ်အတည်ပြုပေး ပို့လျက်ရှိကြောင်း၊ ယခုအခါ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ရှေ့ပြေးလူ ဦးရေစာရင်းကိုလည်း ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေကိန်းဂဏန်းအချက် အလက်များနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှရရှိသည့် စာရင်းအချက်အလက်များကို မြို့နယ်အဆင့်မှစ၍ အခြေခံကျကျ တိုက်ဆိုင်စိစစ်ကာ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

 

ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရာဒေသအလိုက် ရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိသည့် အတွက် ယင်းတို့၏အမည်စာရင်းများကို မဲစာရင်းတွင်ပါရှိရေးနှင့် မဲစာရင်းမထပ်စေရေးတို့အတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ အချင်းချင်း အပြန်အလှန် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကြီးကြပ်မှုကော်မတီများက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် ရှိမည့် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများကို အဆင့်ဆင့်စိစစ်အတည်ပြုပေးပို့သည့် စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS)သို့ထည့်သွင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြန်အလှန်စိစစ်လျက်ရှိရာ အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့် မပါရှိမှုစသည့်ကွဲလွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့်စနစ်တကျ စိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက်ပြုစုပေးပို့ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင် ကိုယ်စားလှယ်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြု လူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အစီ အစဉ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက် ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)