ဘုတ်ပြင်း ၃၀ အောက်တိုဘာ
မြေနိမ့်မြေပြန့်တောများ ရှားပါးလာခြင်းကြောင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်း ဘုတ်ပြင်းမြို့နယ်ရှိ လေညာသစ်တောကြိုးဝိုင်းနှင့် ငဝန်သစ်တောကြိုးဝိုင်း၌သာ နေထိုင်ကျက်စားသော ရှားပါး တောင်ငုံးရင်မဲငှက်မျိုးစိတ်များ ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA) မှ သိရသည်။
မြေနိမ့်မြေပြန့်တောများ လျင်မြန်စွာပျက်သုဉ်းလာရခြင်းမှာ တောများရှင်းလင်း၍ ရော်ဘာနှင့် ဆီအုန်းစိုက်ခင်းများ တို့ချဲ့စိုက်ပျိုးခြင်းကြောင့်ဖြစ်ပြီး ယင်းဒေသ၌ နေထိုင်ကျက်စားသော တောင်ငုံးရင်မဲငှက်နှင့် အခြားတောရိုင်း တိရစ္ဆာန်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်သဖွယ် ဖြစ်နေသည်ဟု ဆိုသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင်က "ဒီ တောင်ငုံးရင်မဲငှက်မျိုးစိတ်တွေဟာ အင်မတန်ရှားပြီး မြေနိမ့်မြေပြန့်တော အမျိုးအစားမျိုးမှာသာ တွေ့ရနိုင်တဲ့ ငှက်မျိုးစိတ်ဖြစ်တယ်။ ဒေသခံတွေက ဒီငှက်ကို တီတူးငှက်လို့လဲ ခေါ်ကြတယ်။ အရွယ်အစားသေးငယ်ပြီး အရောင်အသွေး စုံလင်စွာနဲ့ အလွန်လှပတဲ့ ငှက်မျိုးဖြစ်တယ်။ နိုင်ငံခြားသား ငှက်သုတေသနပညာရှင်တွေဆို ဒီငှက်မျိုးရှိသလား၊ ဘယ်မှာကြည့်လိုရမလဲ၊ ရှိနိုင်မဲ့နေရာကို သွားလို့ရသလား၊ လာရောက်လေ့လာချင်လို့ဆိုပြီး တောက်လျောက်မေးနေတာ။ နောက်ပြီး တစ်ကမ္ဘာလုံးမှာ တောင်ငုံးရင်မဲငှက်ကို ထိုင်းနဲ့ မြန်မာနိုင်ငံ မှာသာ တွေ့ရတာ။ ထိုင်းမှာဆိုရင် သူတို့ရဲ့ သဘာဝတောထဲမှာ လုံးဝမျိုးသုဉ်းသွားပြီလို့ ထိုင်းနိုင်ငံ ငှက်ပညာရှင်များက ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံတကာအဖွဲ့အစည်းအချို့ကို ရေးသားတင်ပြထားတယ်။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံ လေညာနဲ့ ငဝန်သစ်တောကြိုးဝိုင်းမှာသာ တွေနိုင်တော့တယ်။ ၂၀၀၃ ခုနှစ်မှာ စတွေ့တာပါ "ဟု ပြောကြားသည်။
ယင်းကဲ့သို့ တောများပျက်စီးလာခြင်းကြောင့် သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရာဒေသများ ပျောက်ကွယ်လာခြင်း၊ အကောင်ရေလျော့ကျခြင်း၊ သားပေါက်နှုန်းလျော့နည်းခြင်းနှင့် အမဲလိုက်ခံရခြင်းတို့ တွေ့ကြုံနေရပြီး မြေနိမ့်မြေပြန့်တောများ ပျောက်ကွယ်သွားပါက ရှားပါးသတ္တဝါများဖြစ်သည့် တောင်ငုံးရင်မဲငှက် အပါအဝင် တခြားသတ္တဝါများပါ ထာဝရပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ တောင်ငုံးရင်မဲငှက် နေထိုင်ကျက်စားရာ နေရာသည် ၈၁ ရာခိုင်နှုန်းဧရိယာအားဖြင့် ၃၂၂၅ စတုရန်းကီလိုမီတာမှ ၆၅၆ စတုရန်းကီလိုမီတာခန့်အထိ ကျဆင်းလာကြောင်း၊ မျိုးသုဉ်းမည့်ဘေးနှင့် ရင်ဆိုင်နေရပြီး ၂၀၁၆ ခုနှစ် စာရင်းကောက်ယူမှုအရ အဖိုအမ အကောင်ရေ ၂၀ ခန့်သာ ကျန်တော့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် တောင်ငုံးငှက်အမျိုးအစား ၁၄ မျိုးရှိပြီး ၎င်းတို့အနက် ၁၀ မျိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိရပြီး ၁၀ မျိုးအနက် တောင်ငုံးရင်မဲငှက် Gurney's Pitta (Hydronis gurneyi) သည် အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN)၏ အနီရောင်စာရင်းအရ မျိုးသုဉ်းပျောက်ကွယ်ရန် ထိပ်ဆုံးသို့ ရောက်ရှိနေသော (Critically Endangered) ငှက်မျိုးစိတ် တစ်မျိုးဖြစ်ကြောင်းလည်း သိရသည်။
တောင်ငုံးရင်မဲငှက်တည်ရှိရာ လေညာနှင့် ငဝန်းသစ်တောကြိုးဝိုင်းသည် တစ်ကမ္ဘာလုံး၏ နောက်ဆုံး ခံတပ်နေရာတစ်ခုဖြစ်ရာ နှစ်စဉ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(မြန်မာ)FFIတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ Birdlife International ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် BANCA မှ ငှက်ပညာရှင်များသည် သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း BANCA မှ သိရသည်။
သတင်း၊ပိန်းဇလုပ်-သိန်းညွန့် ဓာတ်ပုံ ၊BANCA


