မြေပုံ မေ ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က မေ ၂၃ ရက် နံနက်ပိုင်းက မုန်တိုင်းဒဏ်ခံကျောင်းဖြစ်သည့် အထက(သဲတန်း)၌ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်မှုနှင့် အထက(မြေပုံ)၌ ကျောင်းအပ်လက်ခံမှုတို့ကို သွားရောက်ကြည့်ရှုသည်။
ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်များက အခြေခံပညာကျောင်းများ ကျောင်းဖွင့်ရာသီအချိန်မီ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် အထက(သဲတန်း)၌ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခြင်းကို နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုပြီး သတ်မှတ်ရက်အတွင်း ကျောင်းအပ်လက်ခံနိုင်ရေး၊ အချိန်မီ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်များက အထက(မြေပုံ)သို့ သွားရောက်ပြီး ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ မြေပုံမြို့နယ်တွင် အထက ၁၈ ကျောင်း၊ အထက(ခွဲ) ၂၁ ကျောင်း၊ အလက ၁၁ ကျောင်း၊ အလက(ခွဲ) ၂၆ ကျောင်း၊ မူလွန် ၂၇ ကျောင်း၊ အမက ၆၂ ကျောင်းနှင့် အမက(ခွဲ) ခြောက်ကျောင်းတို့၌ ကျောင်းအပ် လက်ခံလျက်ရှိပြီး သတ်မှတ်ရက်အတွင်း ကျောင်းဖွင့်လှစ် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
တင်ဝင်းပြန်/ဆက်)