မြေပုံ မေ ၂၄
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင် များသည် မေ ၂၄ ရက် နံနက်ပိုင်းက မြေပုံမြို့နယ်၊ အငူကျေးရွာရှိ လေဘေးသင့် ဗုဒ္ဓရင်ရိုးတော် ဓာတ်စေတီတော် မြတ်ကြီး၏ သာသနိက အဆောက်အအုံ ခေါင်မိုးလန်ခြင်းများ ပြန်လည်ပြုပြင်ရန် အလှူငွေများ လှူဒါန်းခြင်းနှင့် မြို့နယ်ပြည်သူဆေးရုံ၌ လေဘေးသင့်ဒေသမှ လူနာများအား သွားရောက်ကြည့်ရှုသည်။
လေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကောင်အထည်ဖော် ဆောင်ရွက်ရန် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်များက မြေပုံမြို့နယ်၊ အငူကျေးရွာရှိ ဗုဒ္ဓရင်ရိုးတော် ဓာတ်စေတီတော် မြတ်ကြီး ဓာတ်လှေကားလျှောက်လမ်း ခေါင်မိုးလန်ခြင်းနှင့် စေတီတော်မြတ်ကြီး အာရုံခံဓမ္မာရုံကြီး ခေါင်မိုးလန်ခြင်းတို့ ပြန်လည်ပြုပြင်ရန် စေတီတော်မြတ်ကြီးဂေါပက ဥက္ကဋ္ဌ ဦးတင်အေးအား အလှူငွေများ လှူဒါန်းသည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်များက မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး လေဘေးသင့်ဒေသများမှ ဆေးကုသရန် ရောက်ရှိနေသော လူနာများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လူနာများအား အာဟာရဒါန ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းခဲ့သည်။
တင်ဝင်း(ပြန်/ဆက်)