၈ အောက်တိုဘာ
ပါကစ္စတန်နိုင်ငံသား မွေးရာပါလက်နှစ်ဖက်စလုံးမပါတဲ့ မိုဟာမက် အီကန် ဟာ စနူကာခုံဘေးမှာရပ်နေပြီး စနူကာထိုးဖို့ အလှည့်စောင့်နေတာကို တွေ့ရပါတယ်။
ပုံမှန်အားဖြင့် စနူကာဘောလုံးကို ကျူတံနဲ့ ထိုးပြီး ခုံထောင့်ရှိ အိတ်ထဲကို ထိုးချရတာဖြစ်ပါတယ်။ ဒါပေမယ့် အီကန်မှာ လက်နှစ်ဖက် မပါရှိတဲ့အတွက် စနူကာ ဘောလုံးကို ခုံထောင့်ရှိ အိတ်ထဲကို သူ့မေးစေ့နဲ့ ခတ်ပြီး ထည့်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။
အသက် ၃၂ နှစ်ရွယ် အီကန်ဟာ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှ အခုလို ဒေသတွင်း စနူကာချန်ပီယံဖြစ်လာတာ ဖြစ်ပါတယ်။
အီကန် စနူကာစထိုးတတ်လာပုံကတော့ စနူကာ ကလပ်ဘေးကနေ ဖြတ်သွားစဉ်မှာ စနူကာပွဲကို ကြည့်ချင်တဲ့အတွက် ဝင်ကြည့်ပြီး သူ့မှာသာ လက်နှစ်ဖက်ရှိခဲ့မယ်ဆိုရင် ကစားနိုင်တယ်ဆိုတဲ့ စိတ်ဖြစ်ကြောင်း၊ အဲဒီနောက် ကစားသူမရှိတဲ့စနူကာ ခုံမှာ သူ့မေးစေ့နဲ့ ဘောလုံးတွေ တွန်းကြည့်ခဲ့ကြောင်း အဲဒီကနေ စပြီး ကောင်းကောင်း ကစားတတ်လာကြောင်း ပြောပါတယ်။
အီကန်က သူ့ကိုသာ အစိုးရက ထောက်ပံ့ပေးမယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်တွေထိ သွားရောက်ယှဉ်ပြိုင်ချင်ကြောင်း ပြောပါတယ်။
အခုဆိုရင် အီကန်ဟာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီး သူတစ်ယောက်ဖြစ်လာပါတယ်။ အီကန်ကတော့ ဆိုရှယ်မီဒီယာဆိုတာ ဘယ်လိုအရာမှန်းမသိခဲ့ကြောင်း ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ခရစ်ကတ် ကစားပွဲဟာ လူကြိုက်များတဲ့ ကစားပွဲဖြစ်ပေမယ့် စနူကာပြိုင်ပွဲတွေကို နိုင်ငံရဲ့ အရေးကြီးတဲ့ အားကစားပွဲတိုင်းမှာ ပါဝင်တာကိုတွေ့ရပါတယ်။
အီကန်ဟာ ဆင်းရဲတဲ့ မိသားစု မှ မွေးဖွားလာသူဖြစ်ပြီး မွေးချင်းမောင်နှမ ၈ ရှိပါတယ်။ အီမန်တို့ မောင်နှမ ၉ ယောက်လုံး ကျောင်းသွားနိုင်ခြင်းမရှိကြောင်း၊ အီကန်ရဲ့ ငယ်စဉ်ဘဝမှာ အထီးကျန်စွာဖြတ်သန်းခဲ့ရကြောင်း သိရပါတယ်။
အီကန်ဟာ ဆယ်ကျော်သက်အရွယ်ကစပြီး စနူကာကစားခြင်းကို စတင်လေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP