ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လျှာခင်တွယ်ဆက်ခြင်း


လျှာခင်တွယ်ဆက်ခြင်းဆိုတာက မွေးရာပါရောဂါတစ်ခုပါ။ လျှာလှုပ်ရှားရခက်တဲ့အခြေအနေတစ်မျိုးပါ။ လျှာနဲ့ခံတွင်းအောက်ခြေကို တွယ်ဆက်ထားတဲ့ တွယ်ဆက်တစ်ရှုးတွေ များလွန်းနေတာကြောင့် လျှာကလှုပ်ရှားရခက်နေတာပါ။ လျှာခင်တွယ်ဆက်နေတဲ့ ကလေးငယ်တွေဟာ နို့သောက်ရာမှာ အက်အခဲရှိနိုင်သလို အစားစားတဲ့အခါ၊ စကားပြောတဲ့အခါမျိုးနဲ့ မျိုချတဲ့အခါမျိုးမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။


လျှာခင်တွယ်ဆက်ရခြင်းရဲ့ အကြောင်းအရင်းတွေက


ဒီရောဂါလက္ခဏာတစ်ခုပါ။ အကြောင်းအရင်းကတော့ ဘာကြောင့်ရယ်လို့ တိတိကျကျမရှိပါဘူး။ ဒါပေမယ့် လျှာခင်တွယ်ဆက်မှု တော်တော်များများက မျိုးရိုးလိုက်တာကြောင့်ဖြစ်ရတာပါ။


ဘယ်သူတွေပိုဖြစ်နိုင်လဲ


ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် လျှာခင်တွယ်ဆက်နိုင်ခြေပိုများပါတယ်။ တစ်ခါတလေ မိသားစုတစ်စုထဲမှာ တစ်ယောက်မကဖြစ်နိုင်ပါတယ်နော်။


လက္ခဏာတွေကဘာတွေလဲ


လျှာခင်တွယ်ဆက်နေတယ်ဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။


-    လျှာကို အပေါ်သွားကို ထိလို့မရဘူး။

-    လျှာကိုဘေးဘက်တွေကို လှုပ်ရှားလို့မရဘူး။

-    အောက်သွားကိုကျော်ပြီး လျှာကို အပေါ်ကို ပင့်လို့မရဘူး။

-    လျှာထုတ်တဲ့အခါ လျှာအလယ်ပိုင်းက ချိုင့်ဝင်နေမယ်။


နို့စို့အရွယ်ကလေးတွေမှာဆိုရင်

-    နို့စို့ရခက်နေမယ်

-    အမြဲလိုလိုဆာလောင်နေမယ်

-    လေနာဖြစ်မယ်

-    ဂျီကျနေမယ်

-    ကိုယ်အလေးချိန် သိပ်မတက်ဘဲဖြစ်နေမယ်

-    ကိုယ်အလေးချိန်မတက်ဘူးဖြစ်နေမယ်။

နောက်ဆက်တွဲ ဘာပြဿနာတွေဖြစ်နိုင်လဲ


လျှာခင်တွယ်ဆက်မှုက ကလေးရဲ့ နို့စို့တာ၊ အစားစားတာ၊ မျိုချတာနဲ့ စကားပြောတာတွေမှာပါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။


နို့သောက်ရာမှာ အခက်အခဲရှိနိုင်တယ် – ကလေးကနို့စို့တဲ့အခါ လျှာက အောက်သွားဖုံးပေါ်ကိုရောက်နေပြီး ကလေးက နို့စို့ရာမှာ အခက်အခဲတွေဖြစ်စေနိုင်မှာပါ။ ကလေးက နို့စို့ရမယ့်အစား၊ မိခင်ရဲ့နို့သီးခေါင်းကို သွားဖုံးနဲ့ ကြိတ်နေသလိုဖြစ်နေနိုင်ပါတယ်။


စကားပြောရာမှာ အခက်အခဲဖြစ်နေမယ် – ကလေးက စကားပြောတဲ့အခါ တ၊ ဒ၊ ဇ၊ စ၊ သ၊ လနဲ့ ရ အသံတွေကိုမပီတာမျိုး ဖြစ်နေနိုင်ပါတယ်။


ခံတွင်းသန့်ရှင်းရေးအားနည်းမယ် –  လျှာခင်တွယ်ဆက်နေတဲ့အခါ လျှာက ကောင်းကောင်းမလှုပ်ရှားနိုင်တာကြောင့် သွားကြားထဲက အစားအစာတွေကို ကောင်းကောင်းမဖယ်ရှားနိုင်တာကြောင့် ခံတွင်းသန့်ရှင်းရေး အားနည်းတာမျိုးတွေခံစားရနိုင်ပါတယ်။ သွားပိုးစားတာနဲ့ သွားဖုံးရောင်တာမျိုးတွေခံစားရနိုင်ပါတယ်။


ခံတွင်းဆိုင်ရာလုပ်ဆောင်မှုတွေကို လုပ်ဆောင်ရခက်တယ် – လျှာခင်တွယ်ဆက်နေတာကြောင့် ရေခဲမုန့်ကို လျှာနဲ့ လျက်ပြီးစားတဲ့အခါမျိုး၊ နှုတ်ခမ်းကိုလျှာနဲ့ သပ်တဲ့အခါမျိုး၊ လေမှုတ်တူရိယာတီးမှုတ်တဲ့ အခါမျိုးမှာ အခက်အခဲဖြစ်နိုင်ပါတယ်နော်။


ဘယ်လိုကုသမလဲ


လျှာခင်တွယ်ဆက်တာက တစ်ခါတလေမှာ ကုသမှုခံယူစရာမလိုဘဲ အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလို သက်သာသွားတတ်ကြပါတယ်။ တကယ်လို့ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးကို ခွဲစိတ်မှုလုပ်ပေးဖို့လိုပါမယ်။ ခွဲစိတ်မှုလုပ်တဲ့အခါမှာလည်း တတ်သိနားလည်တဲ့ ဆရာဝန်တွေနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ ငယ်စဉ်မှာလုပ်ဆောင်ပေးတာက ထိရောက်မှု အရှိဆုံးပါ။


ခွဲစိတ်မှုက စက္ကန့်ပိုင်းလောက်ပဲ ကြာမြင့်မှာဖြစ်ပြီး ခွဲစိတ်မှုလုပ်ပြီးတာနဲ့ ကလေးကိုနို့တိုက်လို့ရပါတယ်။ အနာကျက်ဖို့ကတော့ ၂၄ နာရီက နေ အလွန်ဆုံး ၄၈ နာရီအထိပဲကြာမြင့်နိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”