ညောင်ဦး  ၂၂  ဖေဖော်ဝါရီ        


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသည့် ကလေးငယ်အတွက် ဆေးကုသမှုစရိတ် ထောက်ပံ့လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် ၊ ညနေ ၅ နာရီက ညောင်ဦးမြို့ ၊ မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းက  အလှူငွေများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ညောင်ဦးမြို့၊ ခုတင်(၂၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကလေးငယ်သည် ကျောက်ပန်းတောင်းမြို့၊ ဖိုစုရပ်ကွက်မှ ဦးဝင်းဆောင်၏ သမီး မသန်းစုမွန်ဖြစ်ပြီး မွေးရာပါနှလုံးရောဂါကြောင့် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ရောက်နေရကြောင်း ၊ ကလေးငယ်တွင် မိခင်မရှိတော့ပဲ ဖခင်ဖြင့်သာအတူနေရပြီး စီးပွားရေးအဆင်မပြေမှုကြောင့် ဆေးကုသစရိတ်မတတ်နိုင်၍ ညောင်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျဆရာမ တစ်ဦးက အလှူရှင်များသိအောင် လူမှုကွန်ယက်မီဒီယာမှ တစ်ဆင့် တင်ပြပေးမှုကြောင့် စေတနာရှင်ပြည်သူများနှင့် ပရဟိတလူမှုကူညီရေးအသင်းများက ဆေးကုသမှုစရိတ်များ လာရောက်ထောက်ပံ့လှူဒါန်းပေးနေကြောင်း သိရသည်။ 

ထိုနေ့က ညောင်ဦးမြို့၊ မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ နှလုံးရောဂါဝေဒနာရှင် မသန်းစုမွန်နှင့် တွေ့ဆုံ၍ ဆေးကုသစရိတ် ထောက်ပံ့ငွေကျပ် ငါးသောင်းအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့၊ မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းဉက္ကဌ ဦးဝင်းလှိုင်ထံမှ သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)