mdn

ရန်ကုန် ၃၀ နို၀င်ဘာ

 

အပြန်အလှန် ပူးပေါင်းမှု၊ တစ်ဦး၏ လိုအပ်ချက်များအား တစ်ဦးက ကူညီမှုများဖြင့် မြန်မာနှင့်တရုတ် နှစ်နိုင်ငံ ပြည်သူများအကြားမှ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာတည်မြဲစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသော မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းသည် မွေးရာပါ နှလုံးရောဂါသည် ကလေးငယ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း အသင်းစီနီယာဥက္ကဋ္ဌ ဦးသစ္စာက ပြောကြားခဲ့သည်။

 

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းသည် ဒုတိယအကြိမ် ယခုခွဲစိတ်ကုသမှုကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တရုတ်လူမှုကူညီရေးအဖွဲ့ချုပ် (China Charity federation) နှင့် ပူးပေါင်း၍ ယခုကုသရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသက်နှစ်နှစ်မှ ကိုးနှစ်အတွင်းရှိ မွေးရာပါနှလုံးရောဂါသည် ကလေးငယ် (၁၁)ဦး ပါ၀င်မည်ဖြစ်သည်။ ယင်းတို့အနက် ပထမအသုတ်အဖြစ် ကလေးငယ်ရှစ်ဦးကို ဒီဇင်ဘာ ၄ ရက်တွင် ကူမင်းမြို့သို့ ခေါ်ဆောင်ကုသပေးမည်ဖြစ်ပြီး ကျန်ရှိသည့် သုံးဦးကိုမူ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ခေါ်ဆောင်ကုသပေးမည် ဖြစ်သည်။

 

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းသည် တရုတ်နိုင်ငံမှ ပရဟိတအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်က ရန်ကုန်၊ တောင်တွင်းကြီး၊ ပဲခူး၊ ဆင်ဖြူကျွန်း၊ ကွမ်းခြံကုန်း၊ ကျုံပျော်၊ ကျိုက်ထို၊ ဟိုပုန်း၊ ကလေး အစရှိသည့် မြို့များမှ မွေးရာပါနှလုံးရောဂါသည် ကလေးငယ် (၁၂)ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ရာ အားလုံးအောင်မြင် ကျန်းမာခဲ့သည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဌာန၏ ထောက်ပံ့ကူညီမှုဖြင့် ယွမ်ဒီပရဟိတအသင်းနှင့် ပူးပေါင်း၍ အဆိုပါကလေးငယ်များ၏ မိဘများစီးပွားရေး လုပ်ငန်းများအတွက် ကျပ်သိန်း နှစ်ရာခန့်ကို နို၀င်ဘာ ၂၁ ရက်က ထောက်ပံ့ကူညီပေးခဲ့သည်။

 

အေကေလင်း