ရန်ကုန် ၁၃ စက်တင်ဘာ
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အမေရိကန်နိုင်ငံ အထူးကုဆရာဝန်ကြီးများက ဝိတိုရိယဆေးရုံတွင် အခမဲ့ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမဲ့ ခွဲစိတ်ကုသပေးမည့် အစီအစဉ်တွင် ဝိတိုရိယ ကျန်းမာရေးထောက်ပံ့ ကူညီစောင့်ရှောက်မှု ဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ Alliance for Smile Organization တို့ ပူးပေါင်း၍ အောက်တိုဘာ ၁၄ ရက်မှ ၂၅ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအတွက် သတ္တမအကြိမ်မြောက် ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကလေးများအား ကျန်းမာရေးစစ်ဆေးမှုများ၊ ခွဲစိတ်ကုသစရိတ်များ၊ ဝိတိုရိယဆေးရုံရှိ ခွဲစိတ်ခန်းနှင့် အတွင်းလူနာခန်းမှာ ကုသမှုစရိတ်များနှင့် အခြေခံဆေးဝါးများအားလုံးကို အခမဲ့အပြင် နယ်ဝေးမြို့မှ ကလေးများအတွက် ကလေးနှင့်အတူ မိဘအုပ်ထိန်းသူတစ်ဦးအတွက် တည်းခိုစရာနှင့် အစားအစာများ စီစဉ်ပေးသွားပါမည်ဖြစ်သည်။ ကုသလိုသူများအနေဖြင့် ဖုန်းနံပါတ် ဝ၁၉၆၆၆၁၄၁ သို့ ဆက်သွယ်ပြီး စက်တင်ဘာလ ၂၈ ရက်အထိ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
အေကေလင်း


