နေပြည်တော် ၃၀ ဇူလိုင် 

မြေသြဇာကော်မတီ၏ (၂၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေသြဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က  စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများ၌ ဓာတုဓာတ်ကြွင်းနည်းပါးပြီး သီးနှံအတွက် လိုအပ်သော အာဟာရများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပါဝင်သည့် ဓါတ်မြေသြဇာများ ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းအားစုများ၏ ဈေးနှုန်းနှင့်အရည်အသွေး မှန်ကန်စေခြင်းသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို အထူးဂရုပြုကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းနောက် အစည်းအဝေးတွင် မြေသြဇာကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ကော်မတီ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့်အကြောင်း အရာများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာသူများက စိစစ်ဆောင်ရွက်ရမည့် မြေသြဇာမှတ်ပုံတင်ခွင့် လျှောက်လွှာများအား သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ယခင်က ယူရီးယား၊ တီစူပါ၊ ပိုတက်ကဲ့သို့ မြေသြဇာများကိုသာ မှတ်ပုံတင် လျှောက်ထားမှုများရှိခဲ့ရာမှ ယခုအခါ မြေသြဇာအသုံးများပြားလာပြီး ကွန်ပေါင်းမြေသြဇာရွက်ဖျန်း မြေသြဇာ စသည့် အမျိုးအစားမျိုးစုံကို တင်သွင်းလျှောက်ထားနေသည်ကို တွေ့ရှိလာရကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအတွက် အကျိုးရှိနိုင်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်သည့် မြေသြဇာထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာများကို စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း မြေသြဇာကော်မတီ တွဲဘက်အတွင်းရေးမှူး ဒေါ်သူဇာမြင့်က ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် မြေသြဇာကော်မတီ၏ (၂၈)ကြိမ်မြောက် အစည်းအဝေးမှ မြေသြဇာမှတ်ပုံတင် လျှောက်လွှာ(၂၃၇)စောင်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာ ယနေ့အထိမြေသြဇာ မှတ်ပုံတင် ခြောက်ထောင်ကျော်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်