မန္တလေး၊  ၂၀  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်း သီးနှံများကို ဥယျာဉ်ခြံဖြင့် စိုက်ပျိုးရေးပြုလုပ်နေကြသည့် လုပ်ငန်းရှင်များအား မြေသြဇာသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေးသင်တန်းကို လာမည့် ၂၀၂၁ ခုနှစ် လဆန်းပိုင်းစ၍ Online မှ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။ 

 

အဆိုပါသင်တန်းကို ဂျာမနီနိုင်ငံမှ IHK အဖွဲ့၊ မြန်မာနိုင်ငံ စက်မှုကုန်သည်များအသင်းချုပ် (UMFCCI) နှင့် မန္တလေး တိုင်းဒေသကြီး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တို့ ပူးပေါင်း၍  ပြင်ဦးလွင်မြို့နယ်မှ သီးနှံများအား ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအတွက် မြေသြဇာသုံးစွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ပတ်သက်၍ အသိပညာပေးသည့်အနေဖြင့် ယခု Online သင်တန်းကို ပို့ချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။ 

 

“မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းတွေကို လယ်သမားတွေသုံးတဲ့အခါမှာ အဆိပ်သင့်တာမျိုးတွေ ရှိပါတယ်။ အဲဒီလို အဆိပ်သင့်တာတွေ မဖြစ်ပေါ်အောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို ရရှိအောင် ပို့ချပေးမဲ့ သင်တန်းဖြစ်ပါတယ်။ ကမ္ဘာ့မြေဆီလွှာ ကျန်းမာဖို့ရယ်။ လက်ရှိထွက်ပေါ်လာတဲ့ သီးနှံတွေမှာ  Chemical သုံးစွဲမှုပမာဏတွေ များနေတာကြောင့် နိုင်ငံတကာဈေးကွက်ကို တင်ပို့တဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ဒါကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့ အချိန်ကာလမှာကတည်းက ဆောင်ရန်၊ ရှောင်ရန်တွေအနေနဲ့ ဘယ်လိုဆေးမျိုးတွေ သုံးစွဲသင့်တယ်။ ဘယ်လိုရိတ်သိမ်းသင့်တယ်။ ဘယ်လိုစိုက်ပျိုးသင့်တယ်ဆိုတဲ့ အချက်တွေကို ပို့ချသွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။ 

 

mdn

 

လက်ရှိတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ၊ စားသောက်ကုန်များကို ပြည်တွင်းဈေးကွက်သာမကပဲ နိုင်ငံတကာ ဈေးကွက်အထိ တင်ပို့နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း၊ ထိုသို့ ကြိုးစားဆောင်ရွက်နေမှု များကြောင့် ထုတ်လုပ်စိုက်ပျိုးသူများအနေဖြင့် နိုင်ငံတကာ၏ စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးနိုင်စေရေး၊ ပြုပြင် ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သင်တန်းကို ဂျာမနီနိုင်ငံမှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များတို့ ပူးပေါင်း၍ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ ယင်းစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးသင်တန်းကို တက်ရောက် လိုသူများအနေဖြင့် MRCCI ၏ ရုံးဖုန်း၊ ၀၂-၄၀၆၉၃၂ ၊ Email( MRCCI [email protected]) သို့ စာရင်းပေးပို့ နိုင်ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn