အောင်လံ ၁၁ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့မြောက်ဘက် နှစ်မိုင်အကွာ မြေထဲမြို့ဟောင်းအနီး မိုးဖုန်းကျေးရွာ၊ ဧရာဝတီမြစ်ကမ်း နဖူးတွင်ရှိ ရှေးဟောင်းသမိုင်းဝင် မိုးဖုံးရွာလယ်ဘုရားအား ဘက်စုံပြုပြင်မွမ်းမံနေစဉ် ဖေဖော်ဝါရီ (၁၀) ရက် နံနက်ပိုင်းက ဘုရား၏အရှေ့မြောက်ထောင့် သပိတ်မှောက်အထက် အောက်ဆုံး ဖောင်းရစ်အရောက်တွင် အုတ်ချပ်တစ်ချပ် စွန်းထွက်နေသဖြင့် ဆွဲထုတ်လိုက်ရာမှ ဘုရားအတွင်း မြေစာများနှင့် ရောနေသော ကြေးနှင့်သံ ရောစပ်ထားသည်ဟု ယူဆရသည့် ရှေးမူလက်ရာ ဆင်းတုတော် (၂၄) ဆူနှင့်  ဓာတ်တော်များထည့်ထားသော အဖုံးပါကြွေခွက်တစ်ခုတို့ကို တွေ့ရှိရပြီး၊   မိုးဖုံးရွာလယ် ဘုရား တန်ဆောင်းအတွင်းတွင်  အပူဖော်ခံထားရှိကြောင်း သိရသည်။

 

ဆင်းတုတော်များတွင် နဂါးရုံဘုရား နှစ်ဆူ၊ ပဉ္စဝဂ္ဂီငါးဦး တရားဦးဟောနေပုံ နှစ်ဆူ၊ မယ်တော်မာယာမှ ဘုရာအလောင်း ဖွားမြင်တော်မူပုံ တစ်ဆူ၊ ဘုရားပရိနိဗ္ဗာန်စံတော်မူခန်း တစ်ဆူ၊ ရှင်ဥပဂုတ္တ တစ်ဆူနှင့် ကြွေခွက်နှင့် ထည့်ထားသော ဓာတ်တော်များ အပါအဝင် စုစုပေါင်း (၂၅) ဆူ ပါရှိကြောင်း သိရသည်။

 

 

24

 

ရှေးရာဇဝင်ဆို စကားအရ ဉာဏ်တော်အမြင့် (၉၅) ပေရှိ မိုးဖုံးစေတီသည်၊ ဧရာဝတီမြစ်ကြောင်းအတွင်း မျှောချခြင်း ခံရသော စူဠာသမ္ဘဝ မဟာသမ္ဘဝ ညီနောင်တိုမှ မျက်စိများအလင်းရ၍  “မိုးကအဖုံး မြေကအထဲ’’  ဟု သိရှိ ကြပြီး    မိုးဖုံးနှင့် မြေထဲမြို့များအဖြစ် တည်ထောင်၍ တည်ထား ကိုးကွယ်ခဲ့သော စေတီများအနက် တစ်ဆူအပါအဝင်ဖြစ်သည်။    

 

အဆိုပါဘုရားကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာကြရာမှ ယခုအခါ အမရပူရမြို့နေ ဦးချစ်နိုင်− ဒေါက်တာအေးသူအောင်တို့မှ မတည်၍ အလှူရှင်များ ပူးပေါင်းကောင်းမှုတို့ဖြင့် ဆောင်ရွက်နေစဉ် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)