၂၃ ဩဂုတ်

 

မြေထဲပင်လယ်အတွင်းမှာ ဓာတ်ငွေ့ဆိုင်ရာပဋိပက္ခ တစ်ခုအဖြစ် ကြိမ်ဖန်များစွာ ဖော်ပြခြင်းခံရတဲ့ အချေအတင်ဖြစ်ပွားမှုဟာ အခုလက်ရှိမှာပိုပြီး အရှိန်မြင့်လာနေတာကို တွေ့ရပါတယ်။ ဝယ်လိုအားနည်းပါးမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေ နောက်ပြန်လှည့်သွားတဲ့ အခြေအနေ တွေကြောင့် ဓာတ်ငွေ့ဈေးနှုန်းအကျဘက်ကို ဦးတည် နေချိန်မှာ ဓာတ်ငွေ့တူးဖော်ရေးနဲ့ပတ်သက်ပြီး တူရကီနဲ့ ဂရိရဲ့ယှဉ်ပြိုင်မှုဟာ ထူးခြားဖြစ်စဉ်တစ်ခုအနေနဲ့ ထွက်ပေါ်လာပါတယ်။

 

တူရကီသမ္မတသတိပေး

 

ဒီတော့ တူရကီ၊ ဂရိ၊ ဆိုက်ပရပ်စ်နဲ့ အီဂျစ်နိုင်ငံတွေ အကြား ဓာတ်ငွေ့ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဒေသတွင်းက တခြားနိုင်ငံတွေနဲ့ ဥရောပ အင်အားကြီးနိုင်ငံတွေကိုပါ ဆွဲဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကြာက မြေထဲပင်လယ် ဒေသမှာ ရေနံနဲ့ဓာတ်ငွေ့တွင်းတွေ အမြောက်အမြား တွေ့ရှိခဲ့ပြီး ယနေ့ဈေးနှုန်းနဲ့ဆိုရင် ခန့်မှန်းခြေ ဒေါ်လာထရီလီယံပေါင်းများစွာ တန်ကြေးရှိတယ်လို့ သိရပါတယ်။

 

တူရကီနဲ့ ဂရိနှစ်နိုင်ငံလုံးက သူပိုင်တယ်၊ ငါပိုင်တယ် ဆိုပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ တူရကီရဲ့ Oruc Reis သုတေသနသင်္ဘောက ရေနံနဲ့ဓာတ်ငွေ့တူးဖော် ရှာဖွေရေး လုပ်ဆောင်နေပါတယ်။ ဩဂုတ် ၁၃ ရက်မှာ တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က တူရကီရဲ့ သုတေသနသင်္ဘောကိုလာပြီး တိုက်ခိုက်နှောင့်ယှက်တဲ့ ဘယ်သူမဆို တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ် ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

 

သက်သက်မဲ့ ရန်စခြင်းလား

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဂရိနဲ့တူရကီ ရေတပ် စစ်သင်္ဘောနှစ်စင်းတို့ အသေးစားတိုက်မိမှုဖြစ်ပွားခဲ့ရာ မှာ အဲဒီကိစ္စကို ဂရိနိုင်ငံက မတော်တဆကိစ္စတစ်ခုလို့ ဖော်ပြခဲ့ပေမယ့် တူရကီကတော့ သက်သက်မဲ့ရန်လာ စတာဆိုပြီး ပြောခဲ့ပါတယ်။ တူရကီသုတေသနသင်္ဘောကို စစ်သင်္ဘောတွေ လိုက်ပါခြံရံပြီး မြေထဲပင်လယ်ဆီ စေလွှတ်လိုက်ကတည်းက နေတိုးမဟာမိတ်နိုင်ငံတွေ အကြားမှာ သဘောထားတင်းမာမှုတွေ ပိုမိုပြင်းထန် လာခဲ့တာပါ။

 

အဲဒီကိစ္စတွေဖြစ်နေချိန်မှာပဲ ချက်ချင်းလက်ငင်း ဆိုသလို ပြင်သစ်နိုင်ငံက ဂရိကို စစ်ရေးဆိုင်ရာ အကူအညီပေးမယ်ဆိုပြီး အလေးအနက်ကတိပြုလိုက်ပါတယ်။ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဂရိနဲ့ တူရကီခေါင်းဆောင်တွေကို ဒေသအတွင်းမှာ တင်းမာမှု လျော့ကျစေရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါ တယ်။

 

ပဋိပက္ခတစ်ခုဆီ ဦးတည်

 

၁၉၇၄ ခုနှစ်မှာ ဆိုက်ပရပ်စ်ကို တူရကီကျူးကျော် ခဲ့တဲ့ ကာလတုန်းကလိုမျိုး အတိတ်ကာလကတည်းက ယှဉ်ပြိုင်ဘက်တွေဖြစ်လာကြတဲ့ တူရကီနဲ့ဂရိတို့ဟာ အကြီးအကျယ်ပဋိပက္ခဖြစ်တော့မယ့် အခြေအနေ တစ်ခုဆီ ရောက်လုနီးပါးဖြစ်တော့မယ်လို့တောင် ထင်နေ ရပါတယ်။

 

မကြာသေးခင်အချိန်က တူရကီနဲ့ ဂရိနိုင်ငံတို့အကြား ရေနံနဲ့ ဓာတ်ငွေ့တွင်းတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုဟာ ဆိုက်ပရပ်စ်ပြဿနာနဲ့ ကြီးကြီးမားမားဆက်နွှယ်မှုရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တူရကီဟာ တာ့ကစ်ဆိုက်ပရစ်လို့ တူရကီကခေါ် တွင်နေတဲ့ ဆိုက်ပရပ်စ်မြောက်ပိုင်းကမ်းခြေမှာ စစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အဲဒီဒေသကို နိုင်ငံတကာ အဖွဲ့အစည်းတွေက တူရကီပိုင်နက်အဖြစ် အသိအမှတ်ပြု ထားခြင်းမရှိပါဘူး။ သို့သော်လည်း လတ်တလောပေါ်ပေါက် လာတဲ့ အချေအတင်ဖြစ်ပွားမှုလေးကနေပြီးတော့ ပင်လယ် ရေပိုင်နက်ဆိုင်ရာ ပဋိပက္ခအဖြစ် အသွင်ပြောင်းလာနေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

 

အထူးစီးပွားရေးဇုန်က ဝိုင်းရံထား

 

တူရကီကတော့ မိမိနိုင်ငံနဲ့သက်ဆိုင်တဲ့ နေရာတစ်ခုမှာ သယံဇာတရှာဖွေတူးဖော်ပိုင်ခွင့်ရှိတယ်ဆိုပြီး တွင်တွင် ပြောဆိုနေတာကိုတွေ့ရပါတယ်။ ဒါကို ဂရိနိုင်ငံဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတော့ ပင်လယ်ရေပိုင်နက် ဥပဒေ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ ဂရိနိုင်ငံရဲ့လူမနေတဲ့ ကျွန်းတွေအားလုံးကို မိုင်ပေါင်း ၂၀၀ ရှိတဲ့ အထူး စီးပွားရေးဇုန်က ပတ်ပတ်လည်ဝိုင်းရံထားတယ်လို့ ဆိုပါတယ်။

 

ဥရောပခေါင်းဆောင်တွေအနေနဲ့ ဆိုက်ပရပ်စ်မှာ တူရကီလုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ယခင်က အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီးတဲ့နောက် ယခုတစ်ကြိမ်ထပ်ပြီးတော့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ရာကို သဘောတူညီချက်မရသေးဘဲ ဖြစ်နေပါတယ်။ အထူးသဖြင့် ဂျာမနီနိုင်ငံက တူရကီ အပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ အားမပေးချင်ဘူး။ ပြီးတော့ တူရကီရဲ့ သုတေသနသင်္ဘော ကို အငြင်းပွားရေပိုင်နက်ထဲကနေ ပြန်လည်ဆုတ်ခွာ သွားအောင် အတတ်နိုင်ဆုံးကြိုးပမ်းကြဖို့ အန်ကာရာ အစိုးရအဖွဲ့ကို အကြံပြုခဲ့ပြီး တူရကီသမ္မတ အာဒိုဂန်က မကြာခင်အချိန်အတွင်း တူရကီရဲ့သဘောထားရပ်တည် ချက် ပျော့ပျောင်းလာစေမယ်ဆိုပြီး ကတိပေးထားတယ် လို့ သိရပါတယ်။

 

အကျိုးအမြတ်ရှိနိုင်မလား

 

ဓာတ်ငွေ့ဈေးတွေ အတော်လေးကျဆင်းနေတဲ့ အခုလိုအချိန်မျိုးမှာ ရေနံနဲ့ ဓာတ်ငွေ့သယံဇာတတွေကို တူးဖော်ဖို့ အသည်းအသန်ကြိုးစားနေခြင်းက အကျိုးအမြတ်ရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက် နေပါတယ်။ အစ္စရေး၊ ဂရိနဲ့ ဆိုက်ပရပ်စ်တို့အကြား ဥရောပသမဂ္ဂဆီကို ဓာတ်ငွေ့ရောင်းချဖို့ EastMed ပိုက်လိုင်းတစ်ခုတည်ဆောက်မယ့် အစီအစဉ်ဟာလည်း ဖြစ်မြောက်ဖို့ ဝေးနေပါသေးတယ်။

 

တူရကီအနေနဲ့ နိုင်ငံရဲ့ငွေကြေးကို ထောက်တိုင်သဖွယ်အားပြုဖို့ရာအတွက် နိုင်ငံခြားငွေလဲလှယ်မှုတွေဒီထက်ပိုပြီး အရေးတကြီးလိုအပ်နေပါတယ်။ ကာတာ နိုင်ငံကနေရတဲ့ ဒေါ်လာကို အားထားနေရပြီး စွမ်းအင် ကြွယ်ဝအောင်လုပ်ဖို့ လိုအပ်နေတဲ့အခြေအနေကြောင့် ဟိုက်ဒရိုကာဗွန် တူးဖော်နိုင်ဖို့ အသည်းအသန် ကြိုးစား နေပါတယ်။

 

ခုခံကာကွယ်လိုတဲ့သဘောထားရပ်တည်ချက်

 

ဂရိနိုင်ငံက Crete ကမ်းခြေ ရေပိုင်နက်နဲ့ ဒေသတွင်း မှာရှိတဲ့ တခြားကျွန်းတွေအားလုံးဟာ ဂရိနိုင်ငံကသာ သယံဇာတရှာဖွေခွင့်ရှိတဲ့ ကိုယ်ပိုင်နေရာဖြစ်တယ်လို့ ဆိုထားပြီး တူရကီကတော့ကျွန်းတွေဟာ အထူးစီးပွား ရေးဇုန်လို့ သတ်မှတ်ထားတဲ့စာရင်းမှာ ကျွန်းတွေကို ထည့်သွင်းထားခြင်းမရှိဘူးလို့ ပြောပြီး ငြင်းဆန်ခဲ့ပါတယ်။

 

ပြီးတော့ တူရကီက ၎င်းရဲ့ရပ်တည်ချက်သဘောထားဟာ နယ်ပယ်ချဲ့ထွင်လိုခြင်းထက် ခုခံကာကွယ်လိုတဲ့ သဘောထားရပ်တည်ချက်သာဖြစ်တယ်လို့လည်း အခိုင်အမာပြောဆိုထားပါတယ်။ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒေသတွင်းမှာ လတ်တလောဖြစ်သွားတဲ့ကိစ္စတွေကနေ ဂရိနဲ့ တူရကီအကြား ထိပ်တိုက်ရင်ဆိုင်မှုအကြီးအကျယ် ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

 

ကလျာမိုးမြင့်

ကိုးကား- ချန်နယ်နယူးအေးရှား