ကိုင်ရို ၂ ဒီဇင်ဘာ
မြေထဲပင်လယ်ရှိ အီဂျစ်ပိုင်ရေပြင်၌ ရေတပ်နှင့် လေတပ်ဆိုင်ရာ နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အီဂျစ်တပ်မတော်က ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြထားသည်။
“မယ်ဒူဆာ-၁၀” ဟု အမည်ပေးထားသော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အခြေခံအားဖြင့် အီဂျစ်၊ ဂရိနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များပါဝင်ကြပြီး စစ်ရေးလေ့ကျင့်မှုကာလမှာ ရက်အတော်လေး ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။ ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အီဂျစ်တပ်မတော်နှင့် မိတ်ဆွေနိုင်ငံများ၏ တပ်မတော်အချင်းချင်းကြား မိတ်ဖက်ဖြစ်မှုနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းနှင့်အညီ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှု၌ ပါဝင်သောတပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ဆင်ရေးဆိုင်ရာ စီမံခန့်ခွဲရေးနယ်ပယ်၌ တပ်မှူးများနှင့် အရာရှိများ၏ ကျွမ်းကျင်မှုစွမ်းရည်ကို တိုးမြှင့်ရန် ရေတပ်နှင့်လေတပ်ဆိုင်ရာ ပူးတွဲစစ်ဆင်ရေးတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် အထူးသဖြင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ နယ်ပယ်များတွင် တွေ့မြင်ရသည့် မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲလာခြင်းနှင့်အညီ ကွဲပြားခြားနားသော အခြေအနေများ၌ ပူးတွဲတာဝန်တစ်စုံတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင့်အမြင့်ဆုံး ယုံကြည်စိတ်ချမှုနှင့် အဆင်သင့်ရှိမှု ပြည့်ပြည့်၀၀ ရရှိနိုင်ရေးအတွက် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုများကို ဖလှယ်ကြရမည် ဖြစ်ကြောင်းသိရသည်။
အာရပ်ကမ္ဘာ၌ အင်အားကြီးမားသော တပ်မတော်ကို ပိုင်ဆိုင်ထားသည့် အီဂျစ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖလှယ်ရန်အတွက် အာရပ်၊ အာဖရိကနှင့် အနောက်မဟာမိတ် နိုင်ငံများနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်းသိရသည်။
ကိုးကား - ဆင်ဟွာ Photo – menafn.com
ဘာသာပြန် - ဂျေတီ