ကျောက်တလုံးကြီး  ၁၂  စက်တင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က မွေတော်ကက္ကူဘုရားပရဝုဏ်အတွင်းရှိ သက်တမ်းရင့် ညောင်ပင်အို အမြစ်မှ ကျွတ်၍လဲကျရာမှ ဂေါပကအဖွဲ့ရုံးပျက်စီးခဲ့ပြီး လူတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မွေတော်ကက္ကူဘုရား အနောက်မြောင့်ထောင့်ရှိ အမြင့် ပေ ၈၀ ကျော်၊ လုံးပတ် ၂၄ ပေခန့်ရှိ သက်တမ်းရင့် ညောင်ပင်အို အမြစ်မှ ကျွတ်၍လဲကျရာ ဘုရားအနီးရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ပေ(၂၀x၄၀)ခန့် အမြင့် ဆယ်ပေခန့်ရှိ ဂေါပကအဖွဲ့ရုံး ပျက်စီးခဲ့ပြီး ဘုရားဖူးလာသော အိုက်လော့(၁၇)နှစ် မှာ ညောင်ပင်၏ ကိုင်းဖျားနှင့် ရိုက်မိခဲ့သဖြင့် ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်အိုလဲကျပြီးနောက် ဘုရားဖူးလာသူများ အနှောင့်အယှက်မဖြစ်စေရေး၊ လဲကျနေသော သစ်ပင်အိုရှင်းလင်းခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူတို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ထက်