နေပြည်တော် ၃၀ မေ
မြေတိုင်းဥပဒေ (မူကြမ်း)နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို သင်္ဂဟဟိုတယ်၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာ၌ပြောင်းလဲလာသော မူဝါဒနှင့်နည်းပညာများအရ မြေတိုင်းလုပ်ငန်းသည် သီးခြားရပ်တည်မနေတော့ဘဲကဏ္ဍအသီးသီးနှင့် ချိတ်ဆက်လာသော ကြောင့် မြန်မာနိုင်ငံ၌ မြေတိုင်းလုပ်ငန်းများဆောင်ရွက်ရန် မြေတိုင်းဥပဒေတစ်ရပ် လိုအပ်လာ ပါကြောင်း၊ သတင်းအချက်အလက်ဖလှယ်ရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေသည့် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(Coordinating Committee on Services - CCS)အောက်ရှိ မြေတိုင်းတာခြင်းဆိုင်ရာ အရည်အချင်းနှင့်ပတ်သက်၍ အပြန်အလှန် အသိအမှတ်ပြုမှုအစီအစဉ် သဘောတူညီမှုဘောင် (Framework Agreement on Mutual Recognition Arrangements (MRAs) of Surveying Qualification) ချမှတ်နိုင်ရန်အတွက်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် မြေတိုင်းဦးစီးဌာနမှလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံအတွင်းရှိ မြေတိုင်းတာခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအတွက် မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေတိုင်းဥပဒေတစ်ရပ် ပေါ်ထွန်းရေးသည် လိုအပ်ချက်(၁)ခုဖြစ်သလို မြေတိုင်းဥပဒေ ပေါ်ထွန်းလာပြီးမှ လိုင်စင်ရ မြေတိုင်းပညာရှင်များ တရားဝင်ပေါ်ထွန်းလာမှာဖြစ်ပြီး အာဆီယံဒေသအတွင်း မြေတိုင်းတာခြင်း ဆိုင်ရာ လုပ်ငန်းများတွင်လည်း ပါဝင်ပူးပေါင်း လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊
မြေတိုင်းတာခြင်းလုပ်ငန်းနှင့် မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများမှာ တိကျမှန်ကန်မှုနှင့် အရည် အသွေးစံနှုန်းများ ချမှတ်ထိန်းချုပ်နိုင်ရန်၊ မြေတိုင်းတာခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လိုင်စင်ရမြေတိုင်းပညာရှင်များအား ၄င်းတို့၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုတို့ကို မြှင့်တင်ထိန်းသိမ်းလာနိုင်စေရန်၊ မြေတိုင်းတာခြင်းလုပ်ငန်းများအား မလိုအပ်ဘဲ ထပ်ခါတလဲလဲ ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရန်၊ နိုင်ငံတော်၏ မြေမျက်နှာသွင်ပြင်ပြမြေပုံများ ထုတ်လုပ်ခြင်း နှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်လာကြစေရန်စသည့် ရည်ရွယ်ချက်များနှင့် မြေတိုင်း ဥပဒေကို ရေးဆွဲနေခြင်းဖြစ်ပါကြောင်း၊
ဥပဒေတွင် အခန်းပေါင်း(၁၁)ခန်းပါဝင်မည်ဖြစ်ပြီး အခန်းတိုင်းသည် အဖွဲ့အစည်း အသီးသီးနှင့် ပြည်သူများကို အကြပ်အတည်းမဖြစ်စေဘဲ အကူအညီပေးနိုင်ရေးကိုသာ ဦးတည်ပြီး ရေးဆွဲထားသည်ဖြစ်ပါကြောင်းပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်တော်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်တကွ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဥပဒေပညာရှင်များ၊ ဌာနအသီးသီးမှ ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များ ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ကြသည်။
(သတင်းစဉ်)