၇  အောက်တိုဘာ

ယနေ့ ကမ္ဘာတွင် လူမျိုးအစုံ၊ အသားအရောက်အစုံ၊ ကိုးကွယ်ယုံကြည်ရာ အမျိုးမျိုးတို့နေထုင်ကြကုန်၏။ ယုံကြည်ရာ အမျိုးမျိုး၊ ဓလေ့ထုံးတမ်းအမျိုးမျိုး၊ အမူအကျင့်အမျိုးမျိုးတို့ဖြင့် အတူနေထိုင်ကြခြင်း ဖြစ်သော်လည်း အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးမြတ်စွာ နေထိုင်ကြမည်ဟူသည့် သဘောထားက ရှေ့ဆောင်ကာ ငြိမ်းချမ်းစွာ အတူတကွ ရှင်သန်ကြီးထွားရေးကို ရှေ့ရှုကြလေသည်။ နိုင်ငံတကာ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးသည် ကမ္ဘာကြီး ပိုမိုတိုးတက်ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြလေ၏။

ယုံကြည်မှုများကလည်း ကိုးကွယ်ရာဘာသာမျိုးစုံ၊ အယူဝါဒမျိုးစုံတို့ ရှိသည်ဆိုသော်လည်း ဘာသာအားလုံးတို့၏ အဆုံးအမမှာ မေတ္တာကို အခြေခံကြသည်သာ ဖြစ်လေသည်။ လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး မုန်းတီးရန်လိုမှု မဖြစ်ပွားရေး၊ လူသားတို့အကြား မည်သို့ပင် မတူညီမှုရှိသည်ဖြစ်စေ ချစ်ခင်လေးစားစွာ အချင်းချင်းဆက်ဆံကာ နှစ်ဦးနှစ်ဖက် တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြခြင်းဖြင့် ပိုမိုသာယာငြိမ်းချမ်းသော ကမ္ဘာကို တည်ဆောက်နိုင်ကြလိမ့်မည်ဟုလည်း ဘာသာအသီးသီးက သင်ကြား၏။

ထိုကဲ့သို့ ချစ်ခင်လေးမြတ်စွာ လူအချင်းချင်း ဆက်ဆံကြရေးကို အားပေးရုံမျှမက မုန်းတီးရန်လိုမှုကို ဆန့်ကျင်တားဆီးဖို့ကိုလည်း နိုင်ငံတကာတို့တွင် နည်းမျိုးစုံဖြင့် စီမံကြလေ၏။

ပညာပေးခြင်း လူအချင်းချင်း ချစ်ခင်လေးစားစွာ ဆက်ဆံကြရေးကို စီမံရင်း ရန်လိုမုန်းတီးမှုကို ဥပဒေနည်းဖြင့်လည်း ဟန်တားကြ၏။ လူသားတို့အကြား မုန်းတီးရန်လိုအောင် လှုံ့ဆော်ခြင်းကို တားဆီးနိုင်မှု မလုပ်နိုင်လျှင် လူမှုအဖွဲ့အစည်းအတွင်းတွင် ရန်လိုမုန်းတီးမှု ကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ်က လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကူးစက်သွားမည် မဟုတ်ပါလော။

ဒီမိုကရေစီစနစ်၏ အခြေခံအခွင့်အရေးဖြစ်သည့် လူတိုင်းတွင် မိမိတို့ယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခွင့်ရှိသည် ဆိုသော်လည်း သူတစ်ပါးကို ထိခိုက်နစ်နာအောင် ပြောဆိုမှုကို တားမြစ်ထားသကဲ့သို့ လူအချင်းချင်း ရန်လိုမုန်းတီးမှုဖြစ်အောင် လှုံ့ဆော်ခြင်းကိုလည်း ဆန့်ကျင်ပါသည်။ ယနေ့ကာလလို လူအများကြား ပျံ့နှံကူးလွယ်သည့် လူမှုကွန်ရက်များ၏ မြန်ဆန်လှသော ဆက်သွယ်နိုင်မှုတို့ကြောင့် ထိုသို့သော အမုန်းတရားလှုံ့ဆော်ခြင်း၊ ရန်လိုခြင်းတို့ကို ပိုမို၍ သတိထားကြရန် လိုအပ်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဒီမိုကရေစီ ဘိုးအေနိုင်ငံတစ်ခုဖြစ်သည့် အင်္ဂလန်နိုင်ငံတွင် သည်လိုအဖြစ်အပျက်မျိုး ပေါ်ပေါက်ကာ အရေးယူအပြစ်ပေးမှုရှိခဲ့သည်ကို သိရှိရပါသည်။

အယူအဆမတူမှုအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဂီနာမင်လာဆိုသူကို ကားဖြင့်တိုက်ကာ လုပ်ကြံမည်သူရှိလျှင် ပေါင်ငါးထောင်(မြန်မာငွေ သိန်းတစ်ရာခန့်) ပေးမည်ဟု လူကုံထံ အမြင့်တန်းဝင်သူတစ်ဦးက လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားလိုက်ခြင်းကို ချက်ချင်းဆိုသလို အရေးယူလိုက်ပြီး အနှီလူကုံထံကို ဆယ့်နှစ်ပတ်တိတိ အကျဉ်းကျခံရန် တရားရုံးက အမိန့်ချလိုက်သည်ဟု သတင်းများတွင် တွေ့ရသည်။

ဒီမိုကရေစီအခွင့်အရေး လူတိုင်းတွင်ရှိ၏။ ထုတ်ဖော်ပြောဆိုခွင့်လည်းရှိ၏။ မိမိယုံကြည်ရာကို ဖော်ထုတ်ခွင့်ရှိ၏။ လူမှုကွန်ရက်ကဲ့သို့သော အလွန်လျင်မြန်စွာ ပြန့်ပွားနိုင်သည့် သတင်းဖြန့်ချိရေး စနစ်များကလည်း လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်၏။

သည်လိုစနစ်များ၊ အခွင့်အရေးများက သူတစ်ပါးကို ထိခိုက်စော်ကားဖို့မဟုတ်၊ လူတို့အကြား ရန်လိုမှုများ ခက်ထန်မှုများကို လှုံ့ဆော်ဖို့မဟုတ် ဆိုသည်တို့ကိုမူ မိမိတို့၏ ကာယ၊ ဝစီနှင့် စိတ်နှလုံးန္ဒြေကို ထိန်းသိမ်းကြရန် လိုမည်ဟု ထင်မြင်ပါကြောင်း။

မြန်မာ့အလင်း