ဒေါက်တာမြတ်မိုး
လူသတ္တဝါတွေ အချင်းချင်းခိုက်ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြခြင်းဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်စိတ်တွေ များလွန်းအားကြီးမှု ကြောင့်ပါ။ လောဘမီးဟာ ဒေါသမီးပွားကို တိုးပွားတောက်လောင်စေသလို လူသားတိုင်းမှာ မေတ္တာတရားများ ထားရှိမွေးမြူနိုင်ရင် ရန်သူကိုတောင် အောင်နိုင်မှာဖြစ်ပြီး ဘေးဘယာကင်းဝေးကာ ကမ္ဘာကြီးသည်လည်း ငြိမ်းချမ်းသာယာနေမည်သာ ဖြစ်ပါတယ်။ တကယ့်မေတ္တာတရားဆိုတာ လူသတ္တဝါတွေရဲ့အကျိုးစီးပွား ချမ်းသာကိုဖြစ်ထွန်းလိုစိတ်၊ ကူညီစောင့်ရှောက်ပေးလိုစိတ်ပါပဲ။ တစ်ဖက်သူ၏ခံစားမှုကို ခံစားနားလည်ပေးပြီး ထိုသူ ထိခိုက်ဆင်းရဲသွားမှာကို မလိုလားတဲ့စိတ်ပါ။
လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပါ။ ကိုယ့်ကိုယ်ကိုယ်သာ ဘေးရန်ကင်းချင်ကြပြီး စိတ်အေးချမ်းသာရှိချင်ကြတယ်။ ကိုယ့်ခန္ဓာ ကျန်းမာချင်ကြတယ်။ ဒါဟာသဘာဝတရားတစ်ခုပါ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်သာ တန်ဖိုးထားတဲ့ မေတ္တာဓာတ်ကို တစ်ပါးသူတွေအပေါ်မှာ၊ ကိုယ်ချစ်ရသူရော၊ မချစ်မနှစ်သက်ရသူရော၊ ကိုယ်ကမုန်းသူ ကိုယ့်ရန်သူကိုတောင်မှ သူတို့လည်းကိုယ့်လိုပဲ ဘေးရန်ကင်းလိုမှာပဲ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိလိုမှာပါပဲဆိုတဲ့ ကိုယ်ချင်းစာ စာနာနားလည်စိတ်လေးနဲ့ ဖေးမပြီး စောင့်ရှောက်ပေးမယ်၊ ကူညီပေးမယ်၊ သူ့အကျိုးကို လိုလားပေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာ ကြမှာဖြစ်ပါတယ်
မေတ္တာအခြေခံသော ဆက်ဆံရေး
ယနေ့ ကမ္ဘာနဲ့မြန်မာ ဖြစ်ရပ်တွေကို ကြည့်လျှင်မေတ္တာတရားတွေ နည်းပါးလာကြတာကို တွေ့ရပါလိမ့်မယ်။ အချို့နေရာတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များကိုကြည့်ရင် ကရုဏာ၊ မေတ္တာတရားများဟာ အောက်ဆုံးကို ရောက်နေသလိုပါပဲ။ အတ္တနဲ့အမုန်းကို ရှေ့တန်းတင်ကြတော့ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဖွဲ့ကတစ်ဖွဲ့၊ တစ်နိုင်ငံက တစ်နိုင်ငံကို ရန်ပြုကြ၊ ပဋိပက္ခတွေဖြစ်ကြပြီး မငြိမ်းချမ်းမှုတွေ ဖြစ်ပေါ်နေကြတာကို တွေ့ရပါလိမ့်မယ်။ ရည်မှန်းချက်တွေ ကိုယ်စီနဲ့ လျှောက်လှမ်းနေကြပေမယ့် ကိုယ်ချင်းစာတရားတွေနည်းပါးနေတဲ့အခါ နားလည်မှုတွေ ကင်းကွာပြီး တစ်ဦး နှင့် တစ်ဦး မေတ္တာမျှဝေမှုဆိုတာ အဝေးကြီးမှာ ကျန်ခဲ့ပါ တယ်။
ကိုယ်ကျင့်တရားအခြေခံတဲ့ မေတ္တာဓာတ်သာလျှင် တာရှည်ခိုင်မာတဲ့ လူမှုဆက်ဆံရေးကောင်း တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပြီး ကိုယ့်ဘက်က ရိုးသားမှုရှိကြောင်းလည်း ပြသနိုင်မှာဖြစ်ပါတယ်။ စစ်မှန်တဲ့ မေတ္တာကို မျှဝေနိုင်လျှင် ကောက်ကျစ်စဉ်းလဲတဲ့ မရိုးသားမှုဟာ ရေရှည်မှာ နေရာမရနိုင်ပါဘူး။ မေတ္တာအခြေခံတဲ့ အပေါင်းလက္ခဏာဆန်တဲ့ ဆက်ဆံရေးသာလျှင် “အကျိုးလိုလို့ ညောင်ရေသွန်းတယ်” ဆိုတဲ့ သံသယဖြစ်မှုတွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်ပါတယ်။
အသွားအပြန်မေတ္တာ
ယနေ့လူမှုဆက်ဆံရေးနယ်ပယ်မှာ ရိုးသားဖြောင့်မတ်မှုတွေလည်း လျော့ပါးလားပြီး အချင်းချင်း ကတိသစ္စာမတည်တာ၊ သူ့ဘက်ကိုယ့်ဘက် နားလည်မှုမပေး၊ မျှဝေမပေးနိုင်ကြ၊ မကြည့်နိုင်ကြတော့ဘဲ တစ်ကိုယ်ကောင်းဆန်မှုတွေ များပြားလာတာ တွေ့ရပါလိမ့်မယ်။မေတ္တာဆိုတာ အသွားအပြန်ရှိပါတယ်။ လူတွေမှာ သူက ကိုယ့်အပေါ် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ လေးလေးစားစား ဆက်ဆံတာကိုသာ လိုလားပေးမယ့်ကိုယ့်ဘက်က ဒီလိုပြန်လည်တုံ့ပြန်ဖို့တော့ ဝန်လေးနေတတ်ကြတယ်။ ရှင်းရှင်းလေးပါပဲ၊ ကိုယ်က ဒီလိုဆက်ဆံတာမျိုးကြိုက်ရင် သူလည်းဒီလို ဆက်ဆံတာမျိုးပဲလိုချင်မှာပေါ့၊ ကိုယ်ကလည်း သူလိုလားတဲ့ပုံစံမျိုးနဲ့ ဆက်ဆံပေးပြီး ကိုယ့်ဘက်က ဦးစွာအပြုသဘော ဆောင်ပေးနိုင်လျှင်တောင် အန်မတန် အကျိုးများသွားပါပြီ။
တစ်ဦးနဲ့တစ်ဦး မေတ္တာကိုအရင်းခံတဲ့ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ချင်းစာနားလည်ပေးမှု၊ ကရုဏာ၊ မုဒိတာနဲ့ သစ္စာတရားတွေ အသီးသီး ကိုယ်စီကိုယ်ငှနဲ့ အခြေခံပြီး ဆက်ဆံကြရင် လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ ရပ်တည်လာတဲ့အခါ ငြိမ်းချမ်းမှုဆိုတဲ့ အင်အားသစ်တစ်ခုကို ထိုလူ့အဖွဲ့အစည်းအတွက် ပေးစွမ်းနိုင်မှာ အသေအချာပါ။ ကိုယ့်ကိုယ်ကိုယ် မေတ္တာခြုံမှ လုံခြုံသလို အဖွဲ့အစည်းကိုလည်း ကိုယ့်မေတ္တာ မျှဝေပေးနိုင်မှ ပတ်ဝန်းကျင်တစ်ခုလုံး လုံခြုံသွားမှာဖြစ်ပါတယ်။
မိမိစိတ် မိမိနိုင်ပါစေ
အရာအားလုံးဟာ စိတ်ကပဲအရင်းခံပါတယ်၊ ကိုယ့်စိတ်ကိုလည်းမနိုင် သူ့စိတ်ကိုလည်း မပိုင်တဲ့အခါမှာ စိတ်ကို ထိန်းချုပ်နိုင်စွမ်းအားတွေ လျော့ပါးလာကြတယ်။ တကယ်တော့ မေတ္တာကြီးမားသူ တစ်ယောက်ဟာ ကိုယ်အနိုင်ရနိုင်လျှင်တောင်မှ ကိုယ့်ပညာကို အကုန်မပြသဘဲ ကိုယ့်ထက် အားနည်းသူကို အနိုင်မယူ ခွင့်လွှတ်နိုင်စွမ်းရှိတဲ့ စိတ်သဘောထားကြီးမားသူပါ။ မေတ္တာတရားတွေ ခေါင်းပါးတဲ့ ဝန်းကျင်တစ်ခုမှာ အကျင့်စရိုက်ဆိုးသွမ်းပြီး အနိဋ္ဌာရုံတွေကိုသာ ဖန်တီး ဖြစ်ပေါ်စေတတ်တာမို့ ဒီလိုအခြေအနေတွေကို သည်းခံခွင့်လွှတ် ကြင်နာသနားတတ်တဲ့ စိတ်ဓာတ်တွေနဲ့သာ ပြုပြင်နိုင်ပါလိမ့်မယ်။
စိတ်ကိုနိုင်အောင် လုပ်တယ်ဆိုတာ ကိုယ့်စိတ်ကို လုံခြုံအောင် လုပ်တာပါပဲ၊ ကိုယ်ကိုယ်တိုင် မှန်မှန်ကန်ကန် လုပ်နေရင် ကိုယ့်စိတ်ကလည်း လုံခြုံနေပါတယ်၊ မျှတတဲ့ဥပဒေများနဲ့ စိုးမိုးနေရင်တော့ မိမိ၏ ပြင်ပ ကလာတဲ့ အန္တရာယ်ရန်စွယ်တွေကလည်း လုံခြုံနေမှာပါ။ မိမိကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာတတ်သူ တစ်ယောက်ဆိုရင်တော့ ကိုယ့်စိတ်က ပိုမိုလုံခြုံသွားပါတယ်။ မှန်မှန်ကန်ကန် လုပ်နိုင်ဖို့အတွက် မှန်မှန်ကန်ကန် ကြံစည်နိုင်၊ တွေးခေါ်နိုင်ဖို့လိုသလို မှန်ကန်စွာ တွေးတော ကြံစည်နိုင်ရန်မှာလည်း မှန်ကန်စွာမြင်တတ်မှ ဖြစ်နိုင်မှာပါ။ အမြင်အတွေးတွေ မှန်မှလည်း အလုပ်မှန်မှာ ဖြစ်သလို အမှားအမှန်ကို ခွဲခြားသိမြင်နိုင်မှလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်၊ ဒါဟာ ကိုယ့်စိတ်ကိုယ်နိုင်တဲ့ လုံခြုံတဲ့သူရဲ့ အားကောင်းတဲ့အချက်တွေပါ။
စိတ်ကိုလေ့ကျင့်ပေးပါ
ဒါဆိုရင် လောဘ၊ ဒေါသ၊ မောဟစတဲ့ အကုသိုလ်စိတ်တွေနေရာမှာ ကုသိုလ်စိတ်တွေ ဘယ်လိုအစားထိုး ဝင်ရောက်စေမှာလဲ၊ ကိုယ်ရဲ့အားနည်းနေတဲ့ စိတ်တွေ၊ မကောင်းတဲ့အတွေးတွေ အကြံတွေကို ဘယ်လိုဖယ်ရှားထိန်းချုပ်မလဲ၊ ကာယကံ၊ ဝစီကံ အမှားတွေကို ကိုယ်ကျင့်သီလလုံအောင် ထိန်းသိမ်းပြီး စောင့်ရှောက်နိုင်ပေမယ့် မနောကံ အမှားတွေကိုတော့ ဘာဝနာ ကုသိုလ်အလုပ်နဲ့သာ ထိန်းသိမ်းပြုပြင်နိုင်ပါမယ်။ သတိပဋ္ဌာန် တရားလေးပါးမှာ စိတ္တနုပဿနာ၊ စိတ်ကိုသတိဖြင့် အမြဲမပြတ် စောင့်ကြည့်တဲ့ လေ့ကျင့်အားထုတ်မှုမျိုးဟာ ကိုယ့်ရဲ့မကောင်းတဲ့ စိတ်တွေမဝင်မိအောင်၊ မတွေးမိအောင် အကူအညီပေးပါတယ်။ သတ္တဝါအားလုံးအပေါ် မေတ္တာများပို့သပြီး ကိုယ်ကိုယ်တိုင်ငြိမ်းချမ်းမှုမှ တစ်ဆင့် ရွှင်လန်းကျန်းမာတဲ့ ပတ်ဝန်းကျင်၊ ငြိမ်းချမ်းတဲ့လူ့ဘောင်၊ အေးချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ဖို့ရန်ဆိုရင် မိမိကိုယ်တိုင်ပဲ စိတ်ရွှင်လန်း ငြိမ်းချမ်း နေဖို့လိုပါမယ်။ ဒါ့ကြောင့်လည်း မိမိစိတ်မိမိငြိမ်းချမ်းအောင် ဦးစွာတည်ဆောက်စေချင်တာပါ။
မြတ်စွာဘုရားရှင်ရဲ့ သတိပဋ္ဌာန်တရားတော်လာအတိုင်း လေ့ကျင့်အားထုတ်မှုများဟာ လူတွေရဲ့ စိတ်တွေကို ကိလေသာတွေကင်းဝေးအောင်၊ ကိုယ့်စိတ်အတွင်းသ္ဌာန်မှာ သံသယတွေကင်းစင်ပြီး အမြင်တွေကြည်လင်နေအောင် တည်ဆောက်ယူရာ မှာ များစွာ အထောက်အပံ့ဖြစ်စေပါတယ်။ ထို့အတူ ဘုရားရှင်ဟောကြားပြသတဲ့ မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း ပွားများအားထုတ်ခြင်း၊ စနစ်တကျ မေတ္တာပို့ခြင်းအလေ့အကျင့်များဟာ တစ်ဦးပေါ်တစ်ဦး ဒေါသကိုမပေါက်ဖွားစေဘဲ မေတ္တာဓာတ်ကိုသာ လွှမ်းခြုံပွားများ စေပြီး အမုန်းတရားဆိုတဲ့ ကိလေသာတွေကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။ တစ်ဦးအပေါ်တစ်ဦး သောကတွေမပေးမိအောင် ရှောင်ရှားစေပါတယ်။ မနာလိုမှုတွေ၊ ဝန်တိုဣသာမစ္ဆရိယတွေ စိုးမိုးခြယ်လှယ်ခွင့်ကို မပေးနိုင်တော့သလို ပူလောင်မှုတွေကိုလည်း ဆိတ်သုဉ်း စေပါတယ်။
မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေကြောင့်လောဘ၊ ဒေါသ၊ အတ္တ၊ မာန်မာနတွေနေရာမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မာစိုရ်တရားတွေ အစားထိုးဝင်ရောက်ပြီး ကြီးနိုင်ငယ်ညှင်း စိတ်ဓာတ်၊ ရန်ဘက်ဆောင်တဲ့ စိတ်ဓာတ်များဟာ တဖြည်းဖြည်းပပျောက်သွားမှာ ဖြစ်ပါတယ်။
ဒေါသနဲ့ရန်လိုမှုကို ရှောင်ရှားနိုင်ပါစေ
အတ္တများပြီး သည်းခံနိုင်မှုနည်းတဲ့ ဝန်းကျင်မှာ ဒေါသနဲ့ တုံ့ပြန်မှုဟာ ဉာဏ်ရည်ဉာဏ်သွေး နည်းတဲ့သူတွေရဲ့ တစ်ခုတည်းသော ပြဿနာဖြေရှင်းနည်းလို့ ဆိုနိုင်ပါတယ်။ ဘုံသဘောတူချမှတ်ထားတဲ့ ဦးတည်ချက် ပျောက်ပျက်သွားခြင်းဟာ တစ်ဦးနဲ့တစ်ဦး အပြစ်ဖို့ပြီး အပြန်အလှန် ထိုးနှက်တိုက်ခိုက်ခြင်းတွေနဲ့ပဲ အချိန်ကုန်နေလို့ဖြစ်ပါတယ်။ ဒီအချိန်မှာ မိမိစိတ် မိမိထိန်းချုပ်နိုင်သူ၊ ရင့်ကျက်တည်ငြိမ်မှုရှိသူဟာ ရန်လိုတဲ့စကားများ မပါအောင် ပြောဆိုပြုမူနိုင်လျှင် အခြားသူများရဲ့ နွေးထွေးမှုနဲ့ မိတ်ဆွေဖြစ်မှုတွေ ပိုမိုရရှိလာမှာ ဖြစ်သလို ကိုယ့်ကိုဒုက္ခပေးမယ့် ရန်သူတွေလည်း အလိုလို နောက်ဆုတ်သွားနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ မလျော်သော ဖိအားပေးမှုများဟာ မေတ္တာရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပြီး အလုပ်လုပ်ရာမှာ နှောင့်နှေးမှုတွေ ဖြစ်စေတဲ့အပြင် ယုံကြည်မှုတွေကိုပါ ကျဆင်းစေပါတယ်။ လျော်ကန်သော ချီးမွမ်းထောမနာ ပြုခြင်းကသာ မေတ္တာသက်ဝင်မှုကို အထောက်အကူဖြစ်စေကြောင်း တွေ့ရှိရပါတယ်။ အပေါ်စီးကနေ အနိုင်ယူလိုစိတ်နဲ့ ပြုမူပြောဆိုမှု၊ အင်အားကို အခြေခံတဲ့နှိပ်ကွပ်မှုတွေဟာ ကိုယ့်အပေါ် ရန်သူတွေသာ တိုးပွားစေပြီး လေးစားမှုကို လျော့ကျစေပါတယ်။ ကိုယ့်အပြစ်ကို ကိုယ်မမြင်နိုင်တဲ့အခါမှာ အခြားသူများထံမှ ကိုယ့်အပေါ် အပေါင်းလက္ခာဏာဆန်တဲ့ အပြုသဘောတုံ့ပြန်မှုရရှိဖို့ဝေး သထက်ဝေးလာပါတော့တယ်။ မိမိဘက်မှာသာ စိတ်ပိုင်းဆိုင်ရာ မှာ မချို့တဲ့ဘူးဆိုရင် ဒီလိုဆက်ဆံလာ သူရဲ့ ပြောဆိုစကားကို ဂရုတစိုက် လက်ခံနားထောင်ပေးမိမှာ ဖြစ်ပါတယ်။ ပြန်လည်ဝေဖန် ပြစ်တင်တာမျိုး မပြုလုပ်ဘဲ ယဉ်ကျေးစွာဖြင့် မိမိဖြစ်ချင်သော၊ ဖြစ်သင့်သောအနေအထားကို သေချာရှင်းလင်းပြောပြ ပါက တစ်ဦးနှင့်တစ်ဦး လေးစားမှုကို ပြန်လည်ရရှိလာနိုင်ပါတယ်။ အားလုံးဟာ ရည်မှန်းချက်အောင်မြင်ရေးမှာ အရေးပါသူတွေချည်းပဲလို့ ခံယူထားကြပြီး အလေးထားပြီး ဆက်ဆံကြမယ်ဆိုလျှင် ပြဿနာကိုဖြေရှင်းရာမှာလည်း ပိုမိုချောမွေ့လွယ်ကူသွားမှာ ဖြစ်ပါတယ်
ဤလိုလူမျိုးတွေ နည်းပါစေ
ကိုယ့်ရဲမေတ္တာဓာတ်ကို ဖြန့်ကြက်ပေးရမယ့်သူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အမျိုးမျိုး အထွေထွေ ရှိနေတတ်ပါတယ်။ ကိုယ့်အတွက်ရော၊ အဖွဲ့အစည်းအတွက်ရော၊ အနှောင့်အယှက်ပေးသူ ရန်သူအပေါ် မှာပါ ဖြန့်ကြက်ပေးရမှာဖြစ်ပါတယ်။ စိတ်ကိုလေ့ကျင့်ထားသူများဟာ တစ်ဦးချင်းရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အလွယ်တကူသိရှိနေတတ်ပါတယ်။ သူများ အကျိုးစီးပွားပျက်စီးရန် လိုလားနေသူတွေ၊ အနိုင်ကျင့်ခြိမ်းခြောက်တတ်သူတွေ၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပြီး အငြိုးအတေးထားတတ်သူတွေ၊ ရှေ့မှာချီးမွမ်းပြီး ကွယ်ရာမှာ နောက်ကျောဓားနှင့် ထိုးတတ်သူတွေ၊ လှည့်ဖြားကောက်ကျစ်ပြီး အယောင်ဆောင်တတ်သူတွေ၊ မြှောက်ပင့်ပြောဆိုပြီး ချောက်တွန်းတတ်သူတွေ၊ ကိုယ်ချင်းစာစိတ်နည်းပြီး အတ္တများသူတွေ၊ အယူစွဲ၊ ဝါဒစွဲ ပြင်းထန်သူတွေ၊ အပြစ်သာမြင်တတ်ပြီး မျှဝေခံစားမှုမရှိသူတွေ၊ သံသယကြီးပြီး လျှို့ဝှက်တတ်သူတွေ စသည်ဖြင့် ယနေ့ခေတ် လူ့ဘုံလူ့ဌာန နယ်ပယ်အသီးသီးမှာ အမျိုးအစားများစွာ တွေ့မြင် ကြုံတွေ့နိုင်ပါတယ်။ ဤလိုမျိုး လူစားမျိုးတွေ တဖြည်းဖြည်းနည်းပါးလာပြီး မေတ္တာတရားကြီးမားသူများ၊ သဘောထားကြီးပြီး အလျှော့ပေးတတ်သူများ၊ ရိုသေလေးစားတန်ဖိုးထားတတ်ပြီး စိတ်ထားမြင့်မြတ် မျှဝေခံစားတတ်သူများ ပွားများလာမှသာ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်လည်း အေးချမ်းသာယာ လှပလာမှာဖြစ်ပါတယ်
ခေါင်းဆောင်စိတ်ထားမွေးမြူပါ
မိမိစိတ်ကို လုံခြုံအောင် ထားနိုင်သူတွေဟာ သူတစ်ပါးအပေါ်မှာလည်း ကောင်းမွန်သောစိတ်ထားကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုပေးနိုင်တဲ့အတွက် မြင့်မြတ်တဲ့ ဂုဏ်သိက္ခာဆိုတဲ့ ထိုက်တန်တဲ့လက်ဆောင်လည်း ပြန်လည်ရရှိနိုင်ပါတယ်။ စာရိတ္တကောင်းမွန်မှု၊ နမူနာကောင်း ပြသနိုင်မှုတို့နဲ့အတူ လူ့အဖွဲ့အစည်းစံပြအဖြစ် လေးစားခံရပြီး အများရဲ့ တန်ဖိုးထား ဂုဏ်ပြုခံရခြင်းနဲ့အတူ မေတ္တာတရားကို ပြန်လည်ရရှိခံစားနိုင်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်၊ စိတ်ကောင်းစေတနာကောင်းရှိပြီး မေတ္တာတရားနဲ့ အုပ်ချုပ်သူတွေရဲ့ လက်အောက်မှာ အလုပ်လုပ်ရသူ၊ နေထိုင်ရသူ ဝန်ထမ်းတွေ၊ ပြည်သူတွေဟာ အမြဲတမ်း တကြွ်က လန်းဆန်းနေပါတယ်။ ခေါင်းဆောင်လို့ခံယူထားသူရဲ့ မေတ္တာ၊ စေတနာရှေ့ထားပြီး ခိုင်းတာမှန်သမျှ လုပ်သင့်လုပ်ထိုက်တာပဲလို့ ခံယူကြတယ်။ လက်အောက်ငယ်သားတွေဟာ ခေါင်းဆောင်ထံမှ ငါဆိုတဲ့ အသုံးအနှုန်းများနေရာမှာ တို့ဆိုတဲ့ အသုံးအနှုန်းကိုသာ ပိုမိုလိုလားကြတယ်။ မေတ္တာရှေ့ထား လမ်းညွှန်သင်ကြားပြသမှုများဟာ လုပ်ငန်းကို ပိုမိုပြီးမြောက်အောင်မြင်စေတာ တွေ့ရတယ်။ လက်အောက်ဝန်ထမ်းတွေဟာ သူတို့ရဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှုအတွက် စိတ်ကောင်းရှိတဲ့ ခေါင်းဆောင်တွေရဲ့ ချီးကျူးအသိအမှတ်ပြုမှုကို အမြဲရရှိလေ့ရှိပါတယ်။ စေတနာမေတ္တာ ကြီးတဲ့ခေါင်းဆောင်နဲ့ နောက်လိုက်ငယ်သားတွေအကြား ရိုသေလေးစားမှုဆိုတာ အထူးလုပ်ယူနေရမယ့် အရာမဟုတ်တော့ဘဲ အေးချမ်းနေတဲ့ လုပ်ငန်းခွင်တစ်ခုမှာ အမိန့်တွေထက် တောင်းဆိုမှုတွေသာ ရှိနေတတ်သည်ကိုလည်း တွေ့ကြုံဖူးပါတယ်
နှစ်သစ်ဆုတောင်း
အချုပ်အားဖြင့် ဆိုချင်တာကတော့ မိမိတို့တစ်ဦးစီတစ်ဦးစီမှာ ဖြစ်ပေါ်နေတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတရားများဟာ မည်သူတစ်ဦး တစ်ယောက်ကမှ ထည့်သွင်းပေးထားတာ မဟုတ်ပါဘူး။ မိမိတို့စိတ်တွင်းမှာသာ တည်မှီနေတဲ့ တရားတွေဖြစ်လို့ မိမိတို့ကိုယ်တိုင်ပဲ စိတ်စွမ်းအင်တွေကြီးထွားအောင်၊ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းသွားအောင် ဘုရားရှင် ဟောပြောပြသ ဆုံးမတော်မူတဲ့ တရားဓမ္မတွေ၊ သမထဝိပဿနာရေစင်တွေနဲ့ အစဉ်ဆေးကြော သုတ်သင်နေသင့်ပါတယ်။ ကိုယ့်စိတ်ကို မဆင်ခြင်ဘဲ စိတ်တွေမသန့်ရှင်းလျှင် သတ္တဝါတွေဟာလည်း ညစ်နွမ်းသွားကြတာပါပဲ။ ထို့ကြောင့် မကောင်းမှုအားလုံး၏ ရှေ့ဆောင်ဖြစ်တဲ့ စိတ်ကိုဖြူစင်အောင်လေ့ကျင့်၍ လောဘကြီးခြင်း၊ ဒေါသကြီးခြင်း၊ သံသယများခြင်း၊ ယုံကြည်မှုကင်းမဲ့ခြင်း၊ မုန်းတီးခြင်းစတဲ့ ဒုက္ခများမှလွတ်မြောက်ကင်းစင်သော လောကဝန်းကျင်၊ တည်ငြိမ်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်တစ်ခုဖြစ်ထွန်းစေဖို့နှစ်သစ်မင်္ဂလာနဲ့အတူ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ကြေးမုံ