ပင်ဆယ်ဗေးနီးယား အောက်တိုဘာ ၂၉
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယား၏ ထိပ်တန်းအစိုးရ ရှေ့နေက လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲနှင့်ဆက်နွှယ်သည့် မေတ္တာလက်ဆောင် ဆုကြေးငွေပေးအပ်သည့် နိုင်ငံရေးလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင် အီလွန်မာ့ခ်ကို တရားစွဲလိုက်ပြီဖြစ်သည်။
ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသော ဘီလီယံနာ အီလွန်မာ့ခ်က လွတ်လပ်စွာပြောဆိုခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့်ကို ထောက်ခံသည့်အသနားခံစာကို လက်မှတ် ရေးထိုးခဲ့သည့် ပြည်နယ်ခုနစ်ခုအနက်မှ မဲဆန္ဒရှင်တစ်ဦးအား အမေရိကန်ဒေါ်လာ တစ်သန်း မေတ္တာလက်ဆောင်ဆုကြေးငွေပေးသွားမည်ဖြစ်သည်။
ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်သည်။ မေတ္တာလက်ဆောင် ဆုကြေးငွေပေးအပ်ခြင်း ကို နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲနေ့အထိ ပြုလုပ်မည်ဖြစ်သည်။
ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကို ကျောထောက်နောက်ခံပြုရန်အတွက် အီလွန်မာ့ခ် ဖွဲ့စည်းထားသည့် နိုင်ငံရေးလုပ်ဆောင်မှုကော်မတီမှတစ်ဆင့် အဆိုပါ မေတ္တာလက်ဆောင် ဆုကြေး ငွေများကို ပေးအပ်သွားမည်ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းသွင်းခြင်းကဲ့သို့သော လုပ်ရပ်များအတွက် မေတ္တာလက်ဆောင်ဆုကြေးငွေများ ပေးအပ်ခြင်းသည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်နိုင်ကြောင်း တရားရေးဌာနက အီလွန်မာ့ခ်ကို သတိပေးထားသည်ဟု အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။
မေတ္တာလက်ဆောင်ဆုကြေးငွေများပေးခြင်းကို “တရားမဝင်ထီ” များအဖြစ် ဖီလာဒဲလ်ဖီးယားခရိုင် ရှေ့နေရုံးမှ အောက်တိုဘာ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အီလွန်မာ့ခ်နှင့် ၎င်း၏နိုင်ငံရေးဆောင်ရွက်မှုကော်မတီ၏ မေတ္တာလက်ဆောင်ဆုကြေးငွေ ချီးမြှင့် ခြင်းကို ရပ်တန့်ရန် ပင်ဆယ်ဗေးနီးယားဥပဒေအရ ခရိုင်ရှေ့နေက အရပ်ဘက်ဥပဒေဖြင့် အရေးယူ ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့သည်။
ပင်ဆယ်ဗေးနီးယားပြည်နယ်သည် အမေရိကန်သမ္မတရွေးကောက်ပြိုင်ပွဲတွင် အရေးပါသော ပြည်နယ်တစ်ခုဖြစ်သည်။
အင်န်အိတ်ချ်ကေ