လူ့လောကကြီးတွင် သင်၏အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။ သင်၏အနားတွင် သင်၏ အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။
မေတ္တာဖြင့် ကူညီပါဟူသည့် စကားသည် လူတိုင်းအတွက် မှားယွင်းစရာမရှိသော တိုက်တွန်းစကားဖြစ်ပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကိုးကွယ်ယုံကြည်မှုမရွေး၊ ဆင်းရဲချမ်းသာမရွေး လိုက်နာအပ်သည် မဟုတ်ပါလား။
ယနေ့ကမ္ဘာကြီးက ဖောက်ပြန်ပြောင်းလဲနေသော ရာသီဥတုနှင့် သဘာဝဘေးဒဏ်တို့ကို လည်းကောင်း၊ ဒေါသအဟုန်ညီညီ တောက်ကာရန်လိုနေသည့် စစ်ဘေးစစ်ဒဏ်တို့ကိုလည်းကောင်း၊ အစာရေစာ ဆုတ်ယုတ် ရှားပါးလာခြင်း၊ ဆင်းရဲမွဲတေခြင်းတို့နှင့် ယှဉ်တွဲပေါက်ဖွားလာနေသည့် ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်တို့ကို လည်းကောင်း၊ ဗီဇပြောင်းလဲမှုအမျိုးမျိုးဖြင့် အသစ်အသစ် ပေါ်ထွက်လာနေသော ရောဂါပိုးမွှားတို့၏ အန္တရာယ်ဘေးဒဏ်တို့ကို လည်းကောင်း ခံစားနေရပေသည်။
လောလောလတ်လတ် ခံစားနေရသော ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့အန္တရာယ်ပြုနေခြင်းသည် သိသာထင်ရှား လှသည့် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်နစ်နာမှုဖြစ်နေပေသည်။ သန်းနှင့်ချီ၍ ကူးစက်ခံနေရသော လူနာများ၊ အနီရောဂါကြောင့် သိန်းနှင့်ချီ၍ သေဆုံးနေရသည့် စာရင်းဇယားများက ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေသည်ကား အမှန်ပင်။
ကပ်ရောဂါ၏ထိုးနှက်မှုကြောင့်မြောက်မြားလှစွာသော လူတို့သည် ဝေဒနာခံစားနေရ၏။ အကူအညီ လိုအပ်နေ ကြ၏။ ယခု ကပ်ရောဂါက ကျန်းမာရေးဆိုင်ရာ ဒုက္ခဝေဒနာများကိုသာမက စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ လူမှုရေးဆိုင်ရာ အထွေထွေ အခက်အခဲများကိုပါ သယ်ဆောင်လာနေ၏။
မည်သို့ပင်ဖြစ်စေ၊ လောကကြီးထဲက လူအမြောက်အမြားသည် အကူအညီလိုနေ၏။ မြန်မာနိုင်ငံအတွင်းမှာ၊ မိမိတို့၏ နံဘေးပတ်ဝန်းကျင်မှာ အကူအညီလိုသူ များစွာရှိနေ၏။
လူသည်လူမှုအဖွဲ့အစည်းထဲက တစ်ဦးဖြစ်၏။ သူတစ်ဦးတည်း သီးခြားနေ၍ရသည် မဟုတ်မူဘဲ လူအများနှင့် နေရ၏။လူ့အဖွဲ့အစည်းအတွင်းက တစ်ဦးတစ်ယောက် ထိခိုက်နာကျင်နေရပြီဆိုလျှင် မိမိနှင့် မဆိုင်သလိုနေ၍မရ။ အကူအညီလိုနေသူများကို တတ်နိုင်သလောက် ကူညီကြခြင်းသည်ပင် လူ့ကျင့်ဝတ်တစ်ခုဖြစ်၏။ လူ့ဘ၀ ရှင်သန်နေထိုင်မှု၏ အနှစ်သာရတစ်ခုဖြစ်၏။ လူတစ်ယောက်အား လောကကြီးက အပ်နှင်းထားသည့် တာဝန်တစ်ခု လည်းဖြစ်၏။
လူသားတို့၏ ဝေဒနာခံစားနေရမှုတွင် မိမိလည်း အပါအဝင်ဖြစ်၏။ သီးခြားကင်းလွတ်၍ ရသည်မဟုတ်။ ထို့အတူပင် မိမိ၏ သာယာငြိမ်းချမ်းမှုသည် မိမိတစ်ဦးတည်းတွင် တည်မှီနေသည် မဟုတ်၊ လူသားအားလုံးနှင့် ဆက်စပ် ပတ်သက်နေသည်ပဲ ဖြစ်၏။
ယခုလက်ငင်းကာလတွင် ရောဂါဝေဒနာခံစားနေရသောသူ အမြောက်အမြားနှင့်တကွ ရောဂါပိုးဆက်လက် ကူးစက်ပြန့်ပွားမည့် အန္တရာယ်၏ ခြိမ်းခြောက်မှုကို ခံနေရသူတို့သည် အကူအညီလိုနေ ၏။ အကူအညီလိုနေသူတို့ကို မိမိတို့ တတ်စွမ်းသည့်နေရာကနေ၍ မေတ္တာဖြင့်ကူညီခြင်းဖြင့် မိမိကိုယ်တိုင်နှင့်တကွ လောကတစ်ခွင် သာယာ ငြိမ်းချမ်းရေးအတွက် တစ်တပ်တစ်အား ဖြစ်စေပါမည်။
ကိုဗစ်ကပ်ရောဂါကို ရှေ့တန်းကရဲရဲရင့်ရင့် ရင်ဆိုင်ကူညီနေကြသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများရှိ၏။ ဝေဒနာသင့်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီရန် စီမံခန့်ခွဲမှုအမျိုးမျိုးကို တာဝန်ယူမှုအဆင့်ဆင့်ဖြင့် ကူညီနေကြသည့် တာဝန်ရှိသူများလည်းရှိ၏။ လိုအပ်သည့် ထောင့်အသီးသီးကို ဖြည့်ဆည်းကူညီနေကြသော ပရဟိတစေတနာ့ဝန်ထမ်းများလည်းရှိ၏။
အခြားသော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတို့အတွက် အားတက်သရော လှူဒါန်းကူညီနေကြသူများရှိ၏။ အိမ်တွင်းတွင် နေထိုင်ရင်း ဝေဒနာခံစားနေရသူများ၊ တာဝန်ယူနေကြသူများ၊ ကူညီဝိုင်းဝန်းနေကြသူများ ကျန်းမာချမ်းသာကြစေကြောင်း မေတ္တာပို့ဆုတောင်းနေကြသူတို့လည်း ရှိ၏။ အသီးသီးသော သူတို့သည် နေရာ အမျိုးမျိုးက ကူညီနေကြ၏။
အနိမ့်ဆုံးအားဖြင့် တတ်နိုင်သမျှ အိမ်ပြင်ပသို့မထွက်ခြင်း၊ လက်ကို ရေဆပ်ပြာတို့ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊ လူချင်းထိတွေ့ဆက်ဆံမှုရှောင်ကြဉ်ခြင်း၊ အနည်းဆုံး ခြောက်ပေအကွာတွင်နေခြင်း၊ မဖြစ်မနေ အပြင်ထွက်ရပါကလည်း မျက်နှာဖုံး နှာခေါင်းစည်းတို့ကို မဖြစ်မနေ တပ်ဆင်ကြခြင်းတို့ဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ဝိုင်းဝန်းထိန်းသိမ်းကြခြင်းတို့ဖြင့် ကပ်ရောဂါနှင့် ရင်ဆိုင်နေရသော လောကကြီးကို ကူညီကြပါစို့။ ။
မြန်မာ့အလင်း