နေပြည်တော် ၂၄ ဩဂုတ်

ကမ္ဘာတစ်ဝန်း အမုန်းတရား ပြန့်ပွားလျက်ရှိပါသည်ဟု အစချီကာ သည်းမခံမှုနှင့် အမုန်းတရား အခြေပြု အကြမ်းဖက်မှု လှိုင်းတံပိုးကြီးသည် ကမ္ဘာတစ်ဝန်း ဘာသာတရားအသီးသီးကို ယုံကြည်ကိုးကွယ်ကြသူများအား ပစ်မှတ်ထားလျက် ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း စသည်ဖြင့် ဖော်ပြထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အာတီကယ်လ် တစ်စောင်ကို မကြာသေးမီလပိုင်းက ထုတ်ပြန်ဖော်ပြခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တောမီးသဖွယ် အမုန်းစကား ပြန့်ပွားလာချိန်တွင် ဆိုရှယ်မီဒီယာကို အသုံးပြုလျက် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး မုန်းတီးမှုဖြန့်ဖြူးသည့် လုပ်ငန်းများ လုပ်ဆောင်နေကြကြောင်း၊ နာဇီလက်သစ်နှင့် လူဖြူကြီးစိုးရေး လှုပ်ရှားမှုများ ကြီးထွားနေကြောင်း စသည့်အချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အဲလ်ပါဆိုနှင့် အိုဟိုင်းယိုးပြည်နယ် ဒေးတန်မြို့တို့တွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုများကို အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား ပြစ်တင်ရှုတ်ချခဲ့ပြီး အမုန်းစကားပြောဆိုကာ လူမျိုးရေးခွဲခြားမှုများ ဖြစ်လာအောင် ပြောဆိုသည့် ခေါင်းဆောင်များ၏ ပြောစကားကို နားထောင်ခြင်းမပြုရန် အမေရိကန်ပြည်သူလူထုအား တိုက်တွန်းခဲ့သည်ကိုလည်း နိုင်ငံတကာ သတင်းများတွင် ဖတ်ရှုခဲ့ရသည်။ လူမျိုးရေးကွဲပြားမှု၊ ဘာသာအယူဝါဒ ယုံကြည်ကိုးကွယ်မှုများ မတူကွဲပြားမှု၊ နိုင်ငံရေးယုံကြည်ချက်များ မတူညီမှု စသည့် မတူကွဲပြားမှုများကို အခြေခံကာ လူတစ်ဦးနှင့်တစ်ဦးအကြား၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား၊ ယုံကြည်ကိုးကွယ်မှု ဘာသာရေး အယူဝါဒများ၏အကြား၊ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုနှင့်တစ်ခု၏ အကြားတို့တွင် ကွဲပြားမှုများမှသည် ပဋိပက္ခများဖြစ်ပေါ်လာအောင်၊ မုန်းတီးမှုများ ဖြစ်ပေါ်လာအောင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် လှုံ့ဆော်မှု၊ သွေးထိုးရန်တိုက်မှုများ ပြုလုပ်နေကြရာ အမုန်းတရားက ကမ္ဘာတစ်ခွင် လျင်လျင်မြန်မြန် ပြန့်ပွားလာရခြင်းပင်ဖြစ်သည်။

အမုန်းတရား၏ နောက်ဆက်တွဲအနေဖြင့် အစွန်းရောက်စိတ်ဓာတ်များ၊ တစ်ဖက်သတ်အမြင်များ ပေါ်ပေါက်လာကာ ပြင်းထန်လာသည်နှင့်အမျှ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ကြောက်မက်ဖွယ်ဖြစ်ပေါ်လာရသည်။ မျက်မှောက်ကာလ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ကမ္ဘာ့အခြေအနေများနည်းတူပင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် သွေးခွဲ ရန်တိုက်ပေးမှုများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ မုန်းတီးမှုများ ဖြစ်ပေါ်လာစေရန် နှိုးဆွနေမှုများကို နေ့စဉ်အမြောက်အမြား တွေ့နေရသည်။ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း၊ လူမှုပတ်ဝန်းကျင်တို့ကို တည်ငြိမ် အေးချမ်းမှုပျက်ပြားစေပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော လောကပါလတရားတို့ကို ခေါင်းပါးစေသည့် အမုန်းစကား ဖော်ပြမှု၊ ဖြန့်ဝေမှုတို့က ပိုမိုအကဲသာနေသည်။ ထို့အပြင် ယုတ္တိတန်မတန်၊ အဓိပ္ပာယ်ရှိမရှိ၊ အကျိုးဖြစ်မဖြစ် စသည်ဖြင့် အကျိုးနှင့်အပြစ်ကို ဆင်ခြင်ခွဲခြားနိုင်ခြင်းမရှိဘဲ မျက်စိမှိတ်ယုံကြည်သူများ၊ ထပ်ဆင့်ဖြန့်ဝေသူများ ရှိနေသည်ကိုလည်း တွေ့ မြင်နေရသည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေရသည့်အလျောက် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း အမုန်းစကားဖြန့်ဝေခြင်း၊ အမုန်းတရားပြန့်ပွားအောင် နည်းလမ်းမျိုးစုံ ပြုလုပ်ခြင်းတို့ကို မဖြစ်မနေ တားဆီးတိုက်ဖျက်သွားရမည်ဟု ခံယူသည်။ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အမုန်းစကားနှင့် အမုန်းတရားတို့မှာ ကြီးမားလှစွာသော အန္တရာယ်ဖြစ်သည်ဟုလည်း ရှုမြင်မိသည်။ ဤနေရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် အခွင့်အရေးနှင့် အမုန်းတရား၊ အမုန်းစကားတို့အကြား ခွဲခြားနိုင်ရန်လည်း လိုအပ်သည်။ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ဘာသာရေးတို့အကြား ခွဲခြားခြင်း၊ နှိမ်ချခြင်း၊ ရန်လိုခြင်းတို့ကို ဖြစ်ပေါ်စေသည့် မည်သို့သော ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေမှုတို့ကိုမဆို လက်မခံဖို့၊ တားဆီးဖို့ပင် ဖြစ်သည်။

မတူကွဲပြားမှုများမှာ ကမ္ဘာတစ်ခွင်လုံးတွင်ရှိနေပြီး မတူကွဲပြားမှုအတွက် မုန်းတီးရန် မဟုတ်သည်ကိုလည်းကောင်း၊ မိမိမှလွဲလျှင် ကျန်အားလုံးသည် မတူကွဲပြားသည်ကိုလည်းကောင်း မပြတ်သတိချပ်နေရန် လိုအပ်သည်။ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်ခြင်း၊ ကာကွယ်စောင့်ရှောက်မှုပြုခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ခြင်းအားဖြင့်သာလျှင် သာယာသည့် လူ့ဘောင်ဘဝကို ရရှိမည်ဖြစ်သည်။ အမုန်းတရားကို ဖယ်ခွာ၍ မေတ္တာသည်သာ လောကကို အလှဆင်နိုင်သည့် တရားဟု ဆင်ခြင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း