၃၁ ဒီဇင်ဘာ
ကမ္ဘာသုံးပြက္ခဒိန်နှစ် တစ်နှစ်ကုန်ဆုံးရန် နာရီပိုင်းမျှသာ လိုတော့သည်။ နှစ်ဟောင်းကို နှုတ်ဆက်ကာ နှစ်သစ်ကို ကြိုဆိုကြသည့် ပျော်ပွဲရွှင်ပွဲအခမ်းအနားများ ကျင်းပကြရန်လည်း လှုပ်ရှားတက်ကြွနေကြပြီ။ နှစ်သစ်ကူး အခါသမယသည် နှစ်ဟောင်းမှ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတို့ကို ပြန်လည်အမှတ်တရရှိကြဖို့နှင့် နှစ်သစ်ဆီသယ်ဆောင်သွားကြဖို့ပြင်ဆင် ပြင်ဆင်သည့်ကာလဖြစ်သည်ဟု အကောင်းမြင်သူ မေတ္တာဝါဒီတို့က ဆိုကြသော်လည်း အမုန်းတရားနှင့် အမျက်ဒေါသတို့၏ မီးတောက်မီးလျှံတို့က ကုန်ဆုံးအံ့ဆဲဆဲ နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ရက်များသို့တိုင်အောင် တောက်လောင်နေဆဲ။ဖောက်ခွဲတိုက်ခိုက်မှု၊ ပစ်ခတ် သတ်ဖြတ်မှုများက ကမ္ဘာ့သတင်းများပေါ်တွင် ထိပ်စီးသတင်းများအဖြစ် နေရာယူနေဆဲ။
တစ်သက်၊ နှစ်သက် သို့မဟုတ် အသက်ပေါင်းများစွာ ပေါင်းများစွာ သေကျေပျက်စီး ရခြင်း၊ ထိခိုက်နာကျင်စေခြင်းအတွက် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသည်ဖြင့် မည်သို့ပင် အကြောင်းများပြကြစေကာမူ လောကပါလတရားများ ပျောက်ဆုံးခြင်းနှင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိအစရှိသော ၁၀ ပါးသော ကိလေသာမီးတို့ လောင်မြိုက်ခြင်းကသာ အဓိကအကြောင်းရင်းခံ ဖြစ်သည်။ မေတ္တာတရားအကြောင်း၊ သည်းခံခြင်းအကြောင်း၊ အကြမ်းမဖက်ခြင်းအကြောင်းတို့ကို ဘာသာတရားတို့က မည်သို့ပင်လမ်းညွှန်ပြသ ဆုံးမထားကြစေကာမူ အနိုင်အထက်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် သားရိုင်းတိရစ္ဆာန်တို့၏ အပြုအမူမျိုးကို အဓမ္မဝါဒီတို့က ပြုမူနေကြခြင်းလည်း ဖြစ်သည်။
အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ်၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။ ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်ဟူ၍ ဗုဒ္ဓဝါဒက ဆုံးမထားသည်။ ကံနှင့် ကံ၏ အကျိုးတို့ကို ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်များက မေတ္တာတရားသည် အကျိုးအာနိသင် လွန်စွာများပြားကြီးမားမြင့်မြတ်ပြီး ဘဝသမ္ပတ္တိအကျိုးပေးသန်သည့် ကောင်းသောကံများအနက် အထွတ်အမြတ်ဆုံးအဖြစ် ယုံကြည်ကြသည်။
မျက်မှောက်ကာလတွင် မိမိတို့သည် ရန်များသော ကမ္ဘာကြီးတွင် နေထိုင်ရှင်သန် နေကြရသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့ပေါ်လာမည်ဟု မသိနိုင်သော အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများအတွက် စိုးရိမ်ကြောင့်ကြနေကြရသည်။ နှစ်သစ်ကူးအခါသမယကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲဖြတ်သန်းကြရေးအတွက် လုံးပန်း နေကြသလို အနိဋ္ဌာရုံဖြစ်ရပ်များ ပေါ်ပေါက်မလာစေရေးအတွက်လည်း ကြောင့်ကြစိုက် ဆောင်ရွက်နေကြရသည်ကို ကမ္ဘာတစ်ခွင်၌ တွေ့မြင်နိုင်သည်။
မိမိတို့နိုင်ငံသည်လည်း နှစ်ဟောင်း၏ လက်ကျန်ပြုဖွယ်ရှိသော အလုပ်တို့ကို နှစ်သစ်ဆီသို့ ဆက်လက်သယ်ဆောင် လုပ်ကိုင်ကြရဦးမည်ဖြစ်သည်။ လာမည့် နှစ်သစ်သည် လူတိုင်းအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းတို့ကို သယ်ဆောင်လာဦးမည်ဖြစ်ရာ မည်သို့ကြုံရသည်ဖြစ်စေ လက်ခံနိုင်သည့် အင်အားတို့လည်းဖြည့်ထားပြီးလည်း ဖြစ်ရမည်။ မည်သို့ပင်ဆိုစေ မေတ္တာတရားဖြင့် အတွင်းရန် အပြင်ရန်တို့ကို ကျော်လွှားကာ ဘေးမသမ်းဘဲ အေးချမ်းကြပါစေကြောင်း။