မေ ၁၈
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်နေ့ဟုလည်း ခေါ်ဆိုကြသည်။ ဤနေ့သည် အထူးမြတ်ဆုံးနေ့ဖြစ်သည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၆၀ဝ ကျော်က ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် ဖြစ်တော်မူစဉ်သမိုင်း၌ ဘုရားရှင်ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော် ရရှိတော်မူခြင်းနှင့် မဟာပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဤကဆုန်လပြည့်နေ့တွင် ဖြစ်တော်မူခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ကဆုန်လပြည့်နေ့ကဲ့သို့ ထူးမြတ်သည့် ဗုဒ္ဓဆိုင်ရာနေ့များတွင်ဗုဒ္ဓဘာသာကို ယုံကြည်မြတ်နိုး လေးစားတန်ဖိုးထားသော ဗုဒ္ဓဘာသာဝင်အပေါင်းတို့က အစဉ်အလာအားဖြင့် ကောင်းမှုကုသိုလ်များ ပွားများအားထုတ်ကြပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းခဲ့ကြပေသည်။ ဗုဒ္ဓတရားတော်၏ မွန်မြတ်သော အကျင့်ကောင်းနှင့် လမ်းစဉ်မှန်ကို ယုံကြည်လက်ခံသော အားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် ဤကဆုန်လ ပြည့်နေ့ကို ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓနေ့ကျင်းပကြသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။
ဗုဒ္ဓတရား၏ အဆုံးအမအနှစ်ချုပ်မှာ ပုဂ္ဂိုလ်သတ္တဝါတိုင်း မိမိတို့၏ ကိုယ်၊ နှုတ်၊ စိတ်တို့ကိုစောင့်ထိန်းပြီး မေတ္တာတရား များပွားများကာ မကောင်းမှုကိုရှောင်ကြဉ်၍ ကောင်းမှုကိုဆောင်ကြဉ်းကြရန်ဖြစ်သည်။ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို ထိန်းသိမ်းစောင့်ရှောက်သူသည် ကုသိုလ်မင်္ဂလာတိုးပွားပြီး ဤဘဝမှာလည်း ယဉ်ကျေးသူအဖြစ်ဂုဏ်ထင်ကာ တမလွန်တွင်လည်း ကောင်းကျိုးချမ်းသာများ ဆင့်ကဲရရှိနိုင်မည် ဖြစ်သည်။
ဗုဒ္ဓတရားတော်အဆုံးအမအရ ဘိုး၊ ဘေး၊ ဘီ၊ ဘင် အစဉ်အဆက်ကျင့်သုံးနေထိုင်လာခဲ့ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် ကိုယ်၊ နှုတ်၊ စိတ်ယဉ်ကျေး၍ ငြိမ်းအေးချမ်းသာသူများ ဖြစ်ခဲ့ကြသည်။ ကိုယ်၊ နှုတ်၊ စိတ်နှလုံးယဉ်ကျေးခြင်းသည် မေတ္တာစိတ်ဓာတ်ကိုအခြေခံရသဖြင့်အစဉ်အဆက် ဆရာသမား၊ မိဘတို့က မေတ္တာစိတ်ဓာတ်တို့ကို ထူထောင်ပေးခဲ့သည်။ ယခုနှစ်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓနေ့ အခမ်းအနားသည် ချစ်ခြင်းမေတ္တာတရား ပွားများခြင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်းငြိမ်းချမ်းရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းမည်ကို ထင်ဟပ်ဖော်ပြခဲ့သည်။
ဤကမ္ဘာမြေ၌ အကြမ်းဖက်မှုများ၊ အနိဋ္ဌာရုံများ ထူပြောနေချိန်တွင်မြတ်ဗုဒ္ဓ၏အဆုံးအမဖြစ်သည့် ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးနှင့် လူသားအချင်းချင်း သဟဇာတမျှတစွာ နေထိုင်ရေးကို ဦးတည်ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းသောကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာတရားတိုင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ကမ္ဘာပေါ်ရှိဘာသာတရားတိုင်းသည် မိမိကိုယ်ကိုမိမိ ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ရန်၊ သူတစ်ပါးအား လေးစားရန်၊ လောဘ၊ ဒေါသနှင့် မုန်းတီးမှုများကိုလျှော့ချရန်နှင့် ငြိမ်းချမ်းစွာနေထိုင်ရန်လမ်းညွှန်ထားကြသည်။
မြတ်ဗုဒ္ဓညွှန်ပြသော လိုက်နာစောင့်ထိန်းအပ်သည့် အခြေခံအကျင့်တရားများနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို ဆိုင်ရာဆိုင်ရာတို့က ကျင့်ကြံလိုက်နာအားထုတ်ကြမည်ဆိုလျှင် သဟဇာတမျှတသည့် လူ့အဖွဲ့အစည်းများမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လူသားအားလုံးအနေဖြင့် ဘုံရပ်တည်ချက်ဖြစ်သည့် မေတ္တာ၊ အနှိုင်းမဲ့ကရုဏာနှင့် ခန္တီတရားတို့ကို လက်ကိုင်ထားမည်ဆိုပါက တစ်ကမ္ဘာလုံးငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာက ဆုန်လပြည့်ဗုဒ္ဓနေ့၏ ထူးမြတ်သည့်နေ့ဖြစ်ခြင်းကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလက်ခံထားပြီး ကမ္ဘာ့ကုလသမဂ္ဂဗုဒ္ဓနေ့များကို ကျင်းပနေပြီဖြစ်၍ ထူးမြတ်သည့် မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ မေတ္တာတရား လက်ကိုင်ထား၍ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်လောကကြီးဖြစ်ထွန်းအောင် လူသားတိုင်းက ဝိုင်းဝန်းကြိုးပမ်း ဆောက်တည်ရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ