မြေယာလျော်ကြေးပေးချေရန် ကျန်ရှိနေသည့် ကျေးရွာအုပ်စု ၁၅ စုအတွက် ဘဏ္ဍာငွေတင်ပြ တောင်ခံပြီး ရရှိပါက ပေးလျော်သွားမည်ဖြစ်

နေပြည်တော် ၂၃ ဇန်နဝါရီ

 

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြေယာလျော်ကြေးပေးချေရန် ကျန်ရှိနေတဲ့ ကျေးရွာအုပ်စု ၁၅ စုအတွက် လျော်ကြေးငွေများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်အပေါ် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ရရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ နီးစပ်ရာ ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာငွေတင်ပြ တောင်းခံပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

 

 

မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ပခုက္ကူ-ကြံခင်း ရထားလမ်းအပိုင်းနှင့် မင်းဘူးမှ အမ်းသို့ဖောက်လုပ်မည်ဟုဆိုသော မြေပေါင်များဖို့ထား၍ နစ်နာခဲ့သော
တောင်သူများအား မည်သည့်အချိန်တွင် မည်သည့်နှုန်းထားများဖြင့် တွက်ချက်၍ ပေးလျော် သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းပြီး မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ 

 

 

“ပခုက္ကူ-ကြံခင်း ရထားလမ်းဖောက်လုပ်ရာမှာ ပါဝင်သွားသည့် သိမ်းဆည်းမြေတွေအတွက် လျော်ကြေး၊ နစ်နာကြေးငွေတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးများရဲ့ လျော်ကြေးတန်ဖိုး  အတည်ပြုချက် ရရှိမှုအပေါ် မူတည်၍ ပေးချေလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ မြေဧရိယာ ၁၁၈၄ ဒသမ ၃၀ ဧကအတွက် လယ်ယာမြေ လျော်ကြေးငွေ စုစုပေါင်း ကျပ် ၂၃၉၅ ဒသမ ၇၇၇၅ သန်း ပေးလျော်ခဲ့ပြီး ဖြစ်တယ်”လို့ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

 

 

မင်းဘူး(စကု)မြို့နယ်အတွင်း ရထားလမ်းဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့ သိမ်းဆည်းမြေ ၂၂၉၂ ဒသမ ၁၆ ဧကအတွက် လျော်ကြေးငွေ ကျပ် ၃၂၄၀ ဒသမ ၂၅ သန်းကို ကာယကံရှင်များထံ ပေးချေ ထားပြီးဖြစ်ကြောင်း၊ အလားတူ မင်းဘူး-အမ်း ရထားလမ်း ဖောက်လုပ်ရာမှာ မင်းဘူး (စကု)မြို့နယ် ကျေးရွာအုပ်စု ၅ စုအတွက် ပါဝင်သွားသည့်မြေများကို တိုင်းတာစိစစ်ပြီးဖြစ်၍ မင်းဘူးမြို့နယ် ကန်ရေကျေးရွာအုပ်စုရှိ မြေ ၃၁ ဒသမ ၆၆ ဧကအတွက် မကွေးတိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ လျော်ကြေးငွေ ကျပ် ၇၂ ဒသမ ၉၃၃ သန်း ပေးချေထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

 

 

သိမ်းဆည်းမြေများနဲ့ပတ်သက်လို့ တောင်သူတစ်ဦးချင်းစီ၏ သိမ်းဆည်းမြေများကို မြေအမျိုး အစားအလိုက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စိစစ်အတည်ပြုပြီး မြေယာ လျော်ကြေး၊ မြေလျော်ကြေး၊ နစ်နာကြေး တစ်ဧကဈေးနှုန်းဖြင့် တွက်ချက်ပုံစံ ၁၂ ကို မြို့နယ်မှ တွက်ချက်အတည်ပြု၍ ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ ခရိုင်နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ အတည်ပြုချက်ရရှိရေးအတွက် အဆင့်ဆင့်တင်ပြဆောင်ရွက်ရပြီး လျော်ကြေးတန်ဖိုး အတည် ပြုချက်ရရှိမှသာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် သို့ ဘဏ္ဍာငွေ တင်ပြတောင်းခံသွားပြီး ခွင့်ပြုချက်ရရှိပါက လျော်ကြေးပေးချေခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

 

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းမှ ဆက်စပ်မေးခွန်းမေးမြန်းရာမှာတော့ သိမ်းဆည်း မြေတွေနဲ့ ပတ်သက်လို့ ကွင်းဆင်းတိုင်းတာမှု မလုပ်ရသေးပဲ ကျန်ရှိနေသေးတဲ့ ကျေးရွာတွေနဲ့ လျော်ကြေးမရသေးသော်လည်း တိုင်းတာဖို့ကျန်တဲ့ မြေနေရာတွေကို တိုင်းတာတွက်ချက်ပြီး အမြန်ဆုံးတင်ပြစေဖို့အတွက် ညွှန်ကြားပေးရန် အစီအစဉ် ရှိ မရှိ ဆက်စပ်မေးမြန်းခဲ့ပါတယ်။

 

 

သိမ်းဆည်မြေများကို တိုင်းတာတဲ့နေရာမှာ ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ လက်အောက်မှာရှိတဲ့ မြန်မာ့မီးရထားကို တိုင်းတာစိစစ်တဲ့နေရာမှာ နှောင့်နှေးမှုမရှိအောင် ညွှန်ကြား သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျော်မျိုးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

မျိုးထက်ဦး(MDN)