နေပြည်တော်၊ မတ်လ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် ကော်ဖီဥယျာဥ် ရှင်းလင်းဆောင်၌ ပြင်ဦးလွင် ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြင်ဦးလွင် ကော်ဖီစီမံကိန်းဇုန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပါဝင်သော ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှု၊ ကော်ဖီစိုက်ပျိုး လုပ်ကိုင်ခွင့်ရသူများ လိုက်နာရန်စည်းကမ်းချက်များနှင့် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်အသစ် ချထားပေးနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင် စုဝန်ကြီးက ကော်ဖီစိုက်ပျိုးရန် မြေအသုံးပြုခွင့် တောင်းခံထားသူများကို ခွင့်ပြုရန်လျာထားသည့် နယ်မြေဇုန်အလိုက် စုစည်းခေါ်ယူတွေ့ဆုံသွားရန်၊ တွေ့ဆုံချိန်တွင် အမှန်တကယ်စိုက်ပျိုးရန် လိုအပ်သော ရင်းနှီးမြုပ်နှံမှုများ ပြည့်စုံမှုရှိမရှိ တွက်ချက်ရန်၊ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံ ပြသပြီး သတ်မှတ်စည်းကမ်းချက်များအတိုင်း မှန်မှန်ကန်ကန် စိုက်ပျိုးနိုင်ရန်နှင့် တပါတည်း စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုသွားရန်၊ နိုင်ငံပိုင်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့် လွှဲပြောင်းခွင့် လွှဲရောင်းခဲ့သူများကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အရှိန်မတန့်သွားစေရေး စဥ်းစားပေးပြီး အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းခွန်ဝယ်ခွန်များကို ဥပဒေနှင့်အညီ နိုင်ငံတော်သို့ အခွန်ငွေပေးသွင်းစေခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် တွင် သတ်မှတ်ကာလ ပြည့်သွားပြီ ဖြစ်ကြောင်း။
အခွန်ငွေပေးသွင်းရန် ကျန်သူများအနေဖြင့် မိမိတို့ကြိုတင်ကြေငြာထားပြီးဖြစ်သည့်အတိုင်း တရားစွဲဆိုခြင်း၊ အမည်မည်းစာရင်း သွင်းခြင်းနှင့် လုပ်ပိုင်ခွင့်ရုတ်သိမ်းခြင်းတို့ကို ဧပြီလကုန်အပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် လာရောက်ဆက်သွယ်၍ အခွန်ငွေပေးသွင်းလျှင် သတ်မှတ်ဒဏ်ကြေးဖြင့် ခွင့်ပြုပေးနိုင်ရေးအတွက် ကော်မတီသို့ တင်ပြသွားရန်ဖြစ်ကြောင်း၊ ဥပဒေကို မသိနားမလည်ဟု ဆိုယုံမျှဖြင့် ဥပဒေကခွင့်လွှတ်မည် မဟုတ်ကြောင်းကိုလဲ ကော်ဖီစိုက်ပျိုးထုတ်လုပ်မည့် လုပ်ငန်းရှင်များကို ရှင်းပြပေးရန်လိုကြောင်း၊ ယခုတစ်ကြိမ် စာချုပ် ချုပ်ဆိုပြီးသူများအနေဖြင့် စည်းကမ်းချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ပြီး မိမိတို့ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရန် အတွက် လိုအပ်သော အကူအညီများပေးအပ်သွားရန်ဖြစ်ကြောင်း။
ကော်ဖီစိုက်ခင်းများတွင် ကော်ဖီဆံအစိမ်း (Green Bean) အထိ ထုတ်လုပ်ရန်ဖြစ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များအတွက် သက်ဆိုင်ရာစက်မှုဇုန်များတွင် စက်မှုဇုန်ဥပဒေနှင့်အညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်းကို သေချာစွာရှင်းလင်းပြရန်နှင့် စိုက်ပျိုးခွင့်ရရှိသူများအား (၆) လတစ်ကြိမ် အမှန်တကယ်စိုက်ပျိုးတိုးတက်မှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ပြီး ကော်ဖီစိုက်ပျိုးမှု တိုးတက်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ဟန်ပြဆောင်ရွက်လျှင် လုပ်ကိုင်ခွင့်ရုပ်သိမ်းရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြင်ဦးလွင်ခရိုင်ကို ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု စံပြဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြင်ဦးလွင်ကော်ဖီစီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ချက်များ၊ ကော်ဖီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းပေးကြရန်တို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့ဝင်များက သိရှိလိုသောအချက်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အသေးစိတ် ရှင်းလင်းညွှန်ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်