ဘားအံ မတ် ၃
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ မတ် ၃ ရက် နံနက်ပိုင်းက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများအား ပြည်နယ်ဦးစီးမှူးရုံး ဖားစည်မြေခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို တွေ့ဆုံဆွေးနွေးသည်။
ပြည်နယ်ဝန်ကြီးချုပ်က “မြေယာမှုခင်း အရှုပ်အရှင်းကိစ္စရပ်များတွင် သတ်မှတ်လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် အရှုပ်အထွေးများဖြစ်ပေါ်လာရခြင်းဖြစ်ပြီး မြေယာမှုခင်းများ စိစစ်ရာတွင် ဘက်မလိုက်ဘဲ ဘက်ပေါင်းစုံမှ စဉ်စားသုံးသပ်၍ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ လိုကြောင်း၊ အဓိကအားဖြင့် မြေယာဥပဒေများကို ကြေညက်ဖို့လိုပြီး အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာဖို့ လိုကြောင်း၊ တိတိကျကျစီမံခန့်ခွဲပြီး စာရင်းအင်းကို ပြုစုပေးရသည့် ဌာနဖြစ်သည့်အတွက် ဒေတာအချက်အလက်များ မှန်ကန်ဖို့လိုပြီး သို့မှသာ နိုင်ငံတော်၏ စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် မှန်ကန်ထိရောက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က ဦးစီးဌာန၏ ခရိုင်၊ မြို့နယ်အလိုက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ယာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခုတင်(၂၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံးကြီး (ဘားအံ)တွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ အားပေးမေးမြန်းရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် အထူးကုဆရာဝန်ကြီးများက လိုက်လံရှင်းလင်းတင်ပြပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်သည်။ အလားတူ ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)