၃၁ ဇူလိုင်
ကမ္ဘာတစ်ဝန်းမှာ မိမိတို့ရဲ့ မြေယာနဲ့ နေအိမ်တွေအား သတ္တုထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေးနဲ့ အစားအစာ ထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့သိမ်းယူမှုကို ကာကွယ်ရင်း မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ အနည်းဆုံး ၁၆၄ ဦး အသတ်ခံခဲ့ရကြောင်း Global Witness ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပရဟိတအဖွဲ့ဖြစ်တဲ့ Global Witness ရဲ့လေ့လာတွေ့ရှိချက်အရ ဖိလစ်ပိုင်နိုင်ငံမှာ ဌာနေတိုင်းရင်းသားတို့အရေး လှုပ်ရှားနေသူတွေကို အသတ်ခံတဲ့အမှုပေါင်း ၃၀ မှုကို တွေ့ရတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံဟာ အန္တရာယ်အရှိဆုံး ဖြစ်ပြီး ကိုလံဘီယာ နဲ့ အိန္ဒိယနိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူတွေ အသတ်ခံမှုပေါင်း ၂၄ မှုနဲ့ ၂၃ မှုရှိနေတဲ့အတွက် ဒုတိယနဲ့ တတိယနေရာ အသီးသီးရှိနေချိန်မှာ ဂွာတီမာလာနိုင်ငံမှာတော့ မြေယာပိုင်ဆိုင်ခွင့်အတွက် ခုခံနေသူတွေကို အသတ်ခံရတဲ့အမှုပေါင်း ၁၆ မှုနဲ့ စတုတ္ထနေရာ ရပ်တည်နေတာကို တွေ့ရကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူနဲ့ သူတို့ရဲ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ ဌာနေတိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေ၊ ရာဇဝတ်သားတွေ အဖြစ်ကြေညာခံခဲ့ရတယ်။ ဒီပဋိပက္ခတွေက လူတွေက ဖန်တီးထားတဲ့ ပဋိပက္ခတွေဖြစ်တယ်။ ကောင်းမွန်တဲ့ ရာသီဥတုဖြစ်နိုင်ရေးအပေါ် မှီခိုနေရသူတွေအတွက်လည်း အဲဒီပဋိပက္ခတွေက ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများအရေး အထူးကိုယ်စားလှယ် ဗစ်ကီ တိုလီကော်ပုဇ် ကပြောပါတယ်။
ဘရာဇီးနိုင်ငံ ပါရာပြည်နယ်မှာ မြေယာအငြင်းပွားမှုအတွက် အနည်းဆုံး ၈ ဦး ၂၀၁၈ ခုနှစ်မှာ အသတ်ခံခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
၂၀၁၇ ခုနှစ်က မြေယာပိုင်ဆိုင်ခွင့်အတွက် အသတ်ခံရသူ ၂၀၇ ဦးရှိရာမှ ၂၀၁၈ ခုနှစ်မှာ လျော့ကျခဲ့တာကို တွေ့ရပါတယ်။ လက်လှမ်းမမီတဲ့ဒေသတွေမှာ သေဆုံးသူများရှိခဲ့ရင် ရရှိထားတဲ့ ပမာဏထက် ပိုမိုများပြားနိုင်ကြောင်း Global Witness အဖွဲ့ကပြောပါတယ်။
MDN
ကိုးကား - AFP