MFF ချာရတီဖလားပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ဒုတိယအကြိမ် ဗိုလ်စွဲ

ရန်ကုန် ၆ ဇန်နဝါရီ


၂၀၁၉ ရာသီကြို MFF ချာရတီဖလားပြိုင်ပွဲကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ပွဲချိန်မိနစ် ၉၀ တွင် တစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ရှမ်းယူနိုက်တက်အသင်းက လေးဂိုး-သုံးဂိုး၊ စုစုပေါင်း ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ပွဲမစတင်မီ မွန်းလွဲ ၂ နာရီမှစ၍ ဇော်ပိုင်၊ ဖြိုးကြီး၊ မိုးမိုး စသည့် အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသည်။ 


ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများက နှစ်ဖက်အသင်းသားများအား လိုက်လံနှုတ်ဆက်သည်။


ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၉ ရာသီကြို ပထမဆုံးပြိုင်ပွဲဖြစ်သည့် ချာရတီဖလားပြိုင်ပွဲတွင် ချန်ပီယံဆုရယူပြီး ရာသီအဖွင့်လှခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲတွင် ကစားပုံပိုကောင်းခဲ့သလို ပယ်နယ်တီဆုံးဖြတ်ရာတွင်လည်း ဂိုးသမား သီဟစည်သူ၏ လက်စွမ်းပြမှုကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းမှာမူ ယခုပွဲတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး အမာခံကစားသမားများနှင့် လူငယ်ကစားသမား အချို့ကို တွဲဖက်ပွဲထုတ်ရာတွင် ပုံစံကောင်းပြသနိုင်ခြင်းမရှိခဲ့ပေ။


ရှမ်းယူနိုက်တက်အသင်းသည် အသစ်ခေါ်ယူထားသည့် မေကွန်၊ ဂူစတာဗို၊ နန္ဒကျော်၊ ဆက်ဖြိုးဝေ၊ နာကာမူရာတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုကာ သီဟစည်သူ၊ ဒေးဗစ်ဒန်း၊ ဟိန်းသီဟဇော်တို့ဖြင့်  တွဲဖက်အသုံးပြုခဲ့သည်။ ရန်ကုန်အသင်းမှာမူ ဂိုးသမားကျော်ဇင်ထက်နှင့် ဘယ်နောက်ခံလူ မင်းကျော်ခန့်တို့ ပွဲပယ်ခံထားရ၍ လူငယ်ဂိုးသမား ဆန်းဆက်နိုင်ကို အသုံးပြုခဲ့ပြီး မောင်မောင်လွင်၊ ရန်အောင်ကျော်၊ မင်းကိုသူ၊ ကျော်ဇင်ဦး၊ ဆယ်လာ၊ ယာမာဇာကီတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ကစားပုံပိုကောင်းခဲ့ပြီး ဂိုးဖန်တီးမှုပိုမိုပြုလုပ်နိုင်ခဲ့သည်။ ၂၅ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဂိုးစရခဲ့ပြီး မေကွန်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။ ၃၄ မိနစ်တွင် ရွှေကို၏ ကန်ချက်တိုင်ထိထွက်ခဲ့၍ ရှမ်းယူနိုက်တက်အသင်း နှစ်ဂိုးပြတ်ဦးဆောင်နိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက တိုက်စစ်အားမြင့်တင်ခဲ့သလို ကြည်လင်း၊ ရန်လင်းအောင်နှင့် သီဟဇော်တို့ကိုထည့်ကာ အပြောင်းအလဲလုပ်ခဲ့သောကြောင့် ကွင်းလယ်ကစားပုံပိုကောင်းခဲ့သည်။ ၅၂ မိနစ်တွင် ရန်ကုန်အသင်း ချေပဂိုးပြန်ရခဲ့ပြီး မိုကာလူးက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောာက်ပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြင့်ခဲ့သော်လည်း ဂိုးရနိုင်သည့်အခွင့်အရေးများကို အသုံးမချနိုင်၍ တစ်ဂိုးစီသရေကျနေသည်။ အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းမှ မေကွန်၊ ဂူစတာဗို၊ နန္ဒကျော်နှင့် ဒေးဗစ်ဒန်းတို့ ဂိုးဝင်ပြီး ဇွဲသက်ပိုင်၏ကန်သွင်းမှုကို ရန်ကုန်ဂိုးသမား ဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့သည်။ ရန်ကုန်အသင်းမှ ဆယ်လာ၊ မိုကာလူးနှင့် ရန်လင်းအောင်တို့ဂိုးဝင်ပြီး ကြည်လင်းနှင့် ယာမာဇာကီတို့၏ ကန်သွင်းမှုများကို ရှမ်းဂိုးသမား သီဟစည်သူကာကွယ်နိုင်ခဲ့၍ ရှမ်းအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။


ယခုပွဲတွင် ကွင်းဝင်ကြေးကျပ် ၂၅ သိန်းကျော်ရခဲ့ပြီး မြန်မာနေရှင်နယ်ကလပ်အသင်းများမှ စုပေါင်းလှူဒါန်းငွေများကို ကျိုက်ဝိုင်းလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ၊ သဘာဝခေါ်သံဖောင်ဒေးရှင်း၊ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်နှင့် မဟာဓမ္မရက္ခိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ကို တစ်ခုလျှင် ကျပ်သိန်း ၃၀ စီဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။ ယင်းနောက် ချာရတီဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ချန်ပီယံဆုဖလား ပေးအပ်ချီးမြင့်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်