ရန်ကုန် ၂ မေ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲကို မေ ၁၀ ရက်မှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ် ဖူဆယ်ကလပ်အသင်းများအပြင် အပျော်တမ်းကလပ်အသင်းများကိုပါ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး အသင်းပေါင်း ၅၀ ဖြင့် ကျင်းပရန် စီစဉ်ထားသည်။
ပြိုင်ပွဲဝင်လိုသည့် အသင်းများအနေဖြင့် မေ ၈ ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပြီး ပထမအဆင့်ကို အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပကာ ဒုတိယအဆင့်မှစတင်၍ ရှုံးထွက်ပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပထမမှ စတုတ္ထနေရာအထိရရှိသည့် ကစားသမားများကို ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆုကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆုကျပ်သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၀ သိန်း၊ အသန့်ရှင်းဆုံးအသင်းဆု ကျပ်ငါးသိန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံး ဂိုးသမားဆုရရှိသူတို့ကို ကျပ်သုံးသိန်းစီ ချီးမြှင့်မည်ဖြစ်သည်။
ယခုပြိုင်ပွဲတွင် နိုင်ငံခြားသားကစားသမားများ ထည့်သွင်းအသုံးပြုခွင့်ပေးမည် မဟုတ်ဘဲ ၂၀၁၇ နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ်နှင့် MNL-2 ကလပ်အသင်းများတွင် မှတ်ပုံတင်ထားသည့် နည်းပြများနှင့် ကစားသမားများကို ကစားသမားအဖြစ် မှတ်ပုံတင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် တစ်နှစ်အတွင်း လိဂ်ပြိုင်ပွဲအပြင် ဖလားပြိုင်ပွဲကိုပါ ကျင်းပလေ့ရှိသည့် ၂၀၁၈ ခုနှစ်က ကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် MIC အသင်းက ချန်ပီယံဆုရရှိခဲ့သည်။
သတင်း - ရဲရင့်ရှိုင်း
ဓာတ်ပုံ - စိုးညွန့်