ရန်ကုန် ၂၉ ဇန်နဝါရီ

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ ဇယားထိပ်ပိုင်းမှ အသင်းကြီးများ အမှားအယွင်းမရှိ နိုင်ပွဲဆက်ခဲ့သည်။

ပွဲစဉ် (၁၇) တွင် On Doctor အသင်းက ဖူဆယ်ချစ်သူအသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ မြို့မ JY အသင်းက Winner အသင်းကို သုံးဂိုး-တစ်ဂိုး၊ MIU အသင်းက Dream Team ကို ရှစ်ဂိုး-တစ်ဂိုး၊ GV အသင်းက လက်ဝဲသုန္ဒရအသင်းကို ၁၀ ဂိုး-ဂိုးမရှိ၊ VUC အသင်းက AMM Brothers အသင်းကို ၁၉ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး MFF ယူ-၁၉ အသင်းနှင့် Do Do Ko Ko အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။

ပွဲစဉ် (၁၇) အပြီးတွင် VUC နှင့် MIU အသင်းတို့က ၄၉ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ 

ယင်းနှစ်သင်း၏နောက်တွင် GV အသင်းက ၄၅ မှတ်၊ Winner အသင်းက ၂၉ မှတ်၊ On Doctor အသင်းက ၂၈ မှတ်၊ မြို့မ JY အသင်းက ၂၇ မှတ်၊ MFF ယူ-၁၉ အသင်းက ၂၁ မှတ်၊ Do Do Ko Ko အသင်းက ၁၉ မှတ်၊ Dream Team အသင်းက ၁၅ မှတ်၊ AMM Brothers အသင်းက ရှစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။ 

အဆင့် ၄ နေရာမှ Winner အသင်း အရေးနိမ့်ခဲ့သောကြောင့် အဆင့် (၄) နေရာအတွက် Winner အသင်း၊ On Doctor အသင်းနှင့် မြို့မ JY အသင်းတို့၏ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာဖွယ်ရှိနေပြီး တစ်မှတ်စီသာ ကွာဟနေသည်။

သတင်း-ရဲရင့်ရှိုင်း