ရန်ကုန် ၃၁ အောက်တိုဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ မကွေးအသင်း ဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲတွင် မကွေးအသင်းနှင့် စစ်ကိုင်းအသင်းတို့ သာမန်ပွဲကစားချိန်တွင် ဂိုးမရှိသရေကျနေသောကြောင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ မကွေးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့တွင် ပယ်နယ်တီအဆုံးအဖြတ်များဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ခြေစွမ်းအရ ကွာခြားမှုမရှိသောကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပယ်နယ်တီမှ အဖြေပေါ်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီဖြင့် အနိုင်ရလာသော်လည်း ဗိုလ်လုပွဲတွင်မူ ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာတွင် မကွေးအသင်းက လေးလုံးကန်ရာ သုံးဂိုးဝင်ပြီး စစ်ကိုင်းအသင်းက လေးလုံးကန်ရာ တစ်ဂိုးသာဝင်သောကြောင့် မကွေးအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပူးတွဲတတိယဆုကို ချင်းနှင့် ရှမ်းတောင်အသင်းတို့ ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ သွင်းဂိုးအများဆုံးဆုရ ဟလိန်လင်း (ချင်း)၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရ ဘုန်းပြည့်ကျော် (မကွေး)တို့အား ဆုတံဆိပ်နှင့် ကျပ်တစ်သိန်းစီ၊ ပူးတွဲတတိယဆုရ ချင်းအသင်းနှင့် ရှမ်းတောင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်ငါးသိန်းစီ၊ ဒုတိယဆုရ စစ်ကိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၀ သိန်း၊ ပထမဆုရ မကွေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ် ၁၅ သိန်းနှင့် ချန်ပီယံဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေးများဖြစ်သည့် ဦးသန်းဇော်နှင့် ဦးဘန်နီတင်အောင်၊ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြင့်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်