၂၀ ဇူလိုင်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ MFF ယူ-၁၃ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ စတင်ကျင်းပသည်။
ပထမနေ့မတိုင်မီ ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ နံနက်ပိုင်းကျင်းပသည့်ပွဲများတွင် ဧရာဝတီအသင်းက ရခိုင်အသင်းကို ၁၃ဂိုး-ဂိုးမရှိ၊ ရှမ်း (မြောက်) အသင်းက မန္တလေးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ညနေပိုင်းကျင်းပသည့်ပွဲများတွင် နေပြည်တော်အသင်းက ချင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ရှမ်း (အရှေ့) နှင့် ရှမ်း (တောင်) အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။
ပြိုင်ပွဲဒုတိယနေ့ကို ဇူလိုင် ၂၁ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီတွင် မွန်အသင်းနှင့် စစ်ကိုင်းအသင်း၊ ကယားအသင်းနှင့် ပဲခူးအသင်း၊ ညနေ ၄ နာရီတွင် ရန်ကုန်အသင်းနှင့် တနင်္သာရီအသင်း၊ မကွေးအသင်းနှင့် ကရင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်ရှိုင်း