၁ သြဂုတ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ MFF ယူ-၁၃ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ ဧရာဝတီအသင်းက ရန်ကုန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးရရှိသွားသည်။
ခြေစွမ်းကွာခြားမှုမရှိသောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဧရာဝတီအသင်းက ဒုတိယပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရသည့်မှတ်တမ်းအပြင် ပေးဂိုးမရှိဘဲ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲဆက်လက်ကျင်းပရာ သွင်းဂိုးအများဆုံးဆုရရှိသည့် ခင်ဖုန်း (ဧရာဝတီ)ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်နှစ်သိန်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသည့် ယမင်းဖြူ (ရန်ကုန်)ကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်နှစ်သိန်း၊ ပူးတွဲတတိယဆုရ ကချင်အသင်းနှင့် နေပြည်တော်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် (၁၀)သိန်းစီ၊ ဒုတိယဆုရ ရန်ကုန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း (၂၀)၊ ပထမဆုရ ဧရာဝတီအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း(၃၀)နှင့် ချန်ပီယံဆုဖလားကို အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။
ဧရာဝတီအသင်းသည် အုပ်စုပွဲများတွင် ရခိုင်ကို (၁၃-ဝ) ဂိုး၊ ကချင်ကို (၉-ဝ) ဂိုး၊ ရှမ်း(မြောက်) ကို (၅-ဝ) ဂိုး၊ မန္တလေးကို (၈-ဝ) ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်တွင် မွန်ကို (၁-ဝ) ဂိုး၊ ဆီမီးဖိုင်နယ်တွင် နေပြည်တော်ကို (၁-ဝ) ဂိုး၊ ဗိုလ်လုပွဲကို ရန်ကုန်ကို (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်