ရန်ကုန် ဇူလိုင် ၇
MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၇ ရက် နံနက်ပိုင်းနှင့် ညနေပိုင်း က ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်ဘောလုံးကွင်း၌ကျင်းပရာ ရွိုင်ရယ်ရန်ကုန်အသင်းနှင့် ရှမ်းတောင်အသင်း တက်ရောက်သွားသည်။ ယင်းပြိုင်ပွဲကို ရန်ကုန်ဇုန်၊ မန္တလေးဇုန်၊ တောင်ကြီးဇုန် သုံးခုခွဲ၍ကျင်းပပြီး ပြိုင်ပွဲဝင်အသင်းအရေအတွက်များပြားသည့် ရန်ကုန်ဇုန်တွင် အမှတ်အများဆုံး နှစ်သင်း၊ ကျန်ဇုန်နှစ်ခုတွင် အမှတ်အများဆုံးထိပ်ဆုံး တစ်သင်းစီ Grand Final ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဇုန်အလိုက်ပွဲစဉ်များအပြီးတွင် ရန်ကုန်ဇုန်၌ ရွိုင်ရယ်ရန်ကုန်အသင်း က အဆင့် ၁၊ Mar Rein အသင်းက အဆင့် ၂၊ တောင်ကြီးဇုန်တွင် ရှမ်းတောင်အသင်းက အဆင့် ၁၊ မန္တလေးဇုန်တွင် STNM အသင်းက အဆင့် ၁ ရရှိကာ တက်ရောက်လာခြင်းဖြစ်သည်။
နံနက်ပိုင်းကကျင်းပသည့် ဆီမီးဖိုင်နယ် ပထမပွဲတွင် ရွိုင်ရယ်ရန်ကုန်အသင်းက STNM အသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရွိုင်ရယ်ရန်ကုန်အသင်းသည် ၂၁ မိနစ်တွင် လင်းမောင်မောင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ညနေပိုင်းကျင်းပသည့် ဆီမီး ဖိုင်နယ် ဒုတိယပွဲတွင် ရှမ်းတောင်အသင်းက Mar Rein အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိသည်။ ရှမ်းတောင်အသင်းအတွက် အနိုင်ဂိုးများကို ၂၈ မိနစ်တွင် စွမ်းရည်ထက်၊ ၃၇ မိနစ်တွင် အောင်ကောင်းမြတ်၊ ၅၂ မိနစ်တွင် ထက်နေခြည်ခန့်တို့က သွင်းယူသည်။
ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီတွင် တတိယ လုပွဲအဖြစ် Mar Rein အသင်းနှင့် STNM အသင်း၊ ညနေ ၃ နာရီတွင် ဗိုလ်လုပွဲအဖြစ် ရွိုင်ရယ်ရန်ကုန်အသင်းနှင့် ရှမ်းတောင်အသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF