မန္တလေး ၁၆ မေ
COVID-19 ရောဂါကြောင့် မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကို ခေတ္တပိတ်ထားသောကြောင့် လုပ်ငန်းများ ရပ်နားထားစဉ် အခြေခံလက်လုပ်လက်စား ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးဝေလျက်ရှိသည်။
ထိုသို့ပေးဝေရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁၀)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ကြက်သွန်နီ တစ်ပိဿာ၊ ဆားတစ်ပိဿာနှင့် ငရုတ်သီး တစ်ထုတ်နှုန်းဖြင့် မေ ၁၆ ရက်တွင် ချမ်းအေးသာဇံမြိုနယ်၊ အောင်မြေသာဇံမြို့နယ်၊ မေ ၁၇ ရက်တွင် မဟာအောင်မြေအနောက်ပိုင်း၊ မေ ၁၈ ရက်တွင် မဟာအောင်မြေအရှေ့ပိုင်း၊ စစ်ကိုင်း၊ မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်နှင့် အခြားမြို့များ၊ မေ ၁၉ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်ရှိ အခြေခံလက်လုပ်လက်စား ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို ရက်အလိုက်ခွဲကာ အလှည့်ကျ ပေးဝေထောက်ပံ့နေခြင်း ဖြစ်သည်။
ဆန် ဆီ ဆား အခြေခံစားသောက်ကုန်များ လာရောက်ထုတ်ယူသည့်အခါ၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် ပစ္စည်းများ လာရောက်ထုတ်ယူသည့်အခါ လူနှစ်ယောက်ထက်မပိုရန်၊ Mask များ တပ်ဆင်ထားရန်၊ သတ်မှတ်ထားသောနေရာများတွင် ခြောက်ပေခြား တန်းစီရန် စသည့် စည်းကမ်းချက်များလည်း ချမှတ်ထားကြောင်း သိရသည်။
ထိပ်ထားနိုင် (ပြန်/ဆက်)


