မဟာအောင်မြေကျောက်ဝိုင်းတွင် ကျပ်သိန်းပေါင်းခြောက်သောင်း ကျော်ခန့်လိမ်လည်မှုဖြစ်ပွားသည့် အထဲမှ လိမ်လည်သူတစ်ဦအားဖမ်းဆီးရမိ

မန္တလေး- ၄ ဖေဖော်ဝါရီ


မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်ခန့် လိမ်လည်မှုဖြစ်ပွားသည့်အထဲမှ လိမ်လည်သူတစ်ဦးအား အခုလ ၂ရက်က ဖမ်းဆီးရမိကြောင်း မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ရုံးမှသိရသည်။


ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မဟာအောင်မြေကျောက်မျက် ရတနာရောင်းဝယ်ရေး စခန်းတွင် လက်ကောက် ၊ အပွင့်လိုင်းတွင် ကျောက်ရောင်းရန်ပွဲစားထံပေးထားသည့် ကျောက်များကို လိမ်လည်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အပွင့်လိုင်းတွင်ဖြစ်ပွားသည့် လိမ်လည်မှုနှစ်ခုမှ ငွေကျပ်သိန်း ငါးသောင်းကျော် ၊ လက်ကောက်ဝိုင်းတွင်ဖြစ်ပွားခဲ့သည့် လိမ်လည်မှုမှ ငွေကျပ် သိန်း တစ်သောင်းကျော် ပါသွားကြောင်းသိရသည်။ အဆိုပါလိမ်လည်မှုများထဲမှ လက်ကောက်ဝိုင်းတွင် ဖြစ်ပွားခဲ့သည့် လိမ်လည်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


'အလိမ်ခံရတဲ့သူတွေက လိမ်သွားတဲ့သူကို မြောက်ပြင်ဘက်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်တယ်။ အဲဒါနဲ့ သူ့ကိုချော့မော့ခေါ်လာပြီး မနေ့ညက စစ်ဆေးတယ်။ အခုတော့ အမှတ် (၇ ) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ အမှုမဖွင့်ရသေးဘူး’ဟု မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်ကပြောသည်။ကပြောသည်။


ကျောက်ဝိုင်းအတွင်းဖြစ်ပွားသည့် လိမ်လည်မှုသုံးခုထဲမှ တစ်ဦးကိုဖမ်းဆီးရမိပြီဖြစ်ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေစဲဖြစ်ကြောင်းသိရသည်။
‘သူတို့က တကယ်လုပ်နေတဲ့သူတွေပဲ သူတိုလို့နာမည်ရဖို့ တော်တော်လုပ်ယူရမယ်။ ဘယ်လိုဂျန့်ဖြစ်တယ်မသိဘူး ။ လိမ်တဲ့သူက ကြိုတင်ကြံစည်ပြီးလိမ်တာတော့မဟုတ်ဘူး။ သူကလှည့်ရင်းပတ်ရင်းနဲ့ မနိုင်တော့ပြေးတာ။ သူ့ကိုရောင်းခိုင်းတာတွေကို ရောင်းပစ်လိုက်တာ။ သိန်း ၄၅၀ နဲ့ဝယ်ထားတာကို သိန်း ၂၀ဝ ၊ ၂၅၀ တဝက်ဈေးနဲ့ရောင်းတယ်’ဟု ကျောက်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။


ပြီးခဲ့သည့် နှစ်နှစ်ခန့်က ယခုလိုလိမ်လည်မှုမျိုးဖြစ်ပွားခဲ့ကြောင်း ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်သူများသည် ယုံကြည်မှုဖြင့်သာအလုပ်လုပ်ရသည့်အတွက် လိမ်လည်မှုများ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာနှင့် ဆွေးနွေတိုင်ပင်သွားမည်ဖြစ်ကြောင်းသိရသည်။


အိမို့မို့ခိုင်