မန္တလေး ၁ ဒီဇင်ဘာ
မဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား ကျို့ခ်ရှင်းကရာတေး ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကား ပြောကြားပြီး IKO Myanmar အသင်းဥက္ကဋ္ဌ ဦးမင်းလွင်က ပြိုင်ပွဲကျင်းပမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကလပ်အသင်း(၇)သင်းမှ ပြိုင်ပွဲအတန်း (၁၃)တန်းတွင် ပြိုင်ပွဲဝင် ကစားသမား ၁၂၀ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အတန်းတစ်တန်းချင်းအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုတံဆိပ်အများဆုံးရရှိသော ကလပ်အသင်းအား တံခွန်စိုက်ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း IKO Myanmar မှ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးသီဟမောင်မောင်က ပြောကြားသည်။
ဖွင့်ပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ လူဝင်မှုကြီးကြပ်ရေး၊ လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ IKO Myanmar မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ ကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)