မန္တလေး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၉ လမ်း၊ ၇၁x၇၂ လမ်းကြားရှိ အိမ်ရှင် ဒေါ်စန်းစန်းဝင်း (ကျောင်းဆရာမ-ငြိမ်း)နှင့် ညီမဖြစ်သူ ဒေါ်နန်းရီရီဆွေ (ဘ)ဦးမောင်အေးတို့၏ နေအိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်းမှု ဖြစ်ပွားရာနေရာသို့ မီးသတ်ဦးစီးဌာနမှ တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်အောင်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်အုပ်ချုပ်မှုယာဉ် သုံးစီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ငါးစီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ဒေါ်နန်းရီရီဆွေ၏ နေအိမ်အပေါ်ထပ်ရှိ အခန်းအတွင်း တစ်လုံးထိုး ဓာတ်ခဲအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဒေါ်နန်းရီရီဆွေ၏ ပေ ၃၀×၄၀ သွပ်မိုးထရံကာ မြေစိုက် နှစ်ထပ်အိမ်နှင့် အိမ်ချင်းကပ်လျက် ဦးမြင့်အောင်၏ ၂၇×၂၇ ပေ သွပ်မိုးထရံကာ နှစ်ထပ်အိမ်တို့ မီးလောင်ခဲ့ပြီး အိမ်အနီးရှိ ဦးသိန်းကို၏ ပေ ၂၀×၄၀ RC နံကပ် နှစ်ထပ်တိုက် အိမ်အပေါ်ထပ်၊ ဦးချစ်ကို၏ ၁၄×၂၀ ပေ နံကပ်ကျောက်ပြားကာ အိမ်အပေါ်ထပ်၊ ဒေါ်ဆွေဆွေအေး၏ ၁၅×၂၅ ပေ ကျောက်ပြားကာ နှစ်ထပ်အိမ် အပေါ်ထပ်တို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းန၊ စုစုပေါင်း အိမ်ငါးလုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေ ကျပ် ၂၁,၉၃၈,၀၀ဝ ဆုံးရှုံးခဲ့ရသည့်အတွက် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်နေ မီးပေါ့ဆစွာအသုံးပြုသော ဒေါ်နန်းရီရီဆွေ (ဘ)ဦးမောင်အေးအား မြို့နယ်အမှတ်(၉)ရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း(ပြန်/ဆက်)