နေပြည်တော် ၂၄   မတ် 

 

မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ(တောင်)ရပ်ကွက်ရှိ ဟိုတယ်မန္တလေးတွင် ဖွင့်လှစ်ထားသည့် DHL အမြန်ချောပို့(ပြည်ပသီးသန့်ဌာန)ပါဆယ်ပစ္စည်းပို့လုပ်ငန်းသို့ အပ်နှံလာသည့် မသင်္ကာဖွယ် ကတ္ထူပုံး(၁)ပုံး ရောက်ရှိနေကြောင်း သတင်းအရ မတ် ၂၃ ရက် နံနက် ၁၁ နာရီ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကတ္ထူပုံးအတွင်းမှ ခဲစက္ကူဖြင့် ပတ်ထားသည့် အိုက်(စ်)(၁၇၅၀) ဂရမ်(၁ ဂရမ်လျှင် ငွေကျပ် ၂၀,ဝ၀ဝ နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၃၅၀) အား သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဝါးများမှာ နယူးဇီလန်နိုင်ငံသို့ပို့ဆောင်ရန် အပ်နှံခဲ့ခြင်းဖြစ်ပြီး CCTV မှတ်တမ်း အားကြည့်ရှုရာ ပြစ်မှုကျူးလွန်သူများမှာ 6M/××××Nissan Winglod ယာဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ ၎င်းယာဉ်အား အောင်မြေသာစံမြို့နယ်၊ (၈၁)လမ်းနှင့် (၁၇×၁၈)လမ်း ကြား၌တွေ့ရှိပြီး ယာဉ်ပိုင်ရှင်ဖြစ်သူ အောင်မြေသာစံမြို့နယ်၊ မေဃသီရိ ရပ်ကွက်နေ မယုံယုံ(၂၂)နှစ်နှင့် ကွမ်းလုံ မြို့နယ်၊ နမ့်ကျွမ်ကျေးရွာနေ ကျွမ်းစင်(၂၃)နှစ်တို့(၂)ဦးအား သက်သေခံယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့တသည်။

 

ကနဦးစစ်ဆေးချက်အရ ကွမ်းလုံမြို့နယ်နေ ကျန်ဟုန်(ခ)ကျန်ဖဟုန် ၏ ဆက်သွယ်ပေးမှုဖြင့် အမည်မသိ လူ(၁)ဦးက မူးယစ်ဆေးဝါးထုတ်အား ဟိုတယ်မန္တလေးရှိ အမြန်ချောပို့ရုံးသို့ တရုတ်ယွမ်ငွေ (၁,ဝ၀ဝ)ဖြင့် ပို့ဆောင်ခိုင်းခဲ့သဖြင့် တရားခံ(၂)ဦးမှ သွားရောက် ပို့ဆောင်ပေးခဲ့ပြီး ကျန်ဟုန်(ခ) ကျန်ဖဟုန်မှာ ကွမ်းလုံမြို့သို့ ပြန်သွားခဲ့ကြောင်း သိရှိရသောကြောင့် ဆက်သွယ်ဖော်ထုတ် ဖမ်းဆီးခဲ့ပြီး တရားခံများဖြစ်သော ကျွမ်းစင်၊ မယုံယုံနှင့် ကျန်ဟုန်(ခ)ကျန်ဖဟုန် တို့(၃)ဦးအား မဟာအောင်မြေ မြို့မရဲစခန်း၏ မယ(ပ)၁၆/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ၍ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

 

(သတင်းစဉ်)