နေပြည်တော်၊ အောက်တိုဘာ ၆

မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ငွေကျပ် ၂,၂၄၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂ ရက် ည ၈ နာရီတွင် မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၃၈ လမ်း၊ ၇၄ x ၇၅ လမ်းတွင် ကောင်းထက်စံ မောင်းနှင်ပြီး ရဲရင့်လိုက်ပါလာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၂၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ()ရပ်ကွက်၊ ၆၆ x ၄၁ လမ်းတွင် စိုင်းနော်ခမ်း()နော်ခမ်းအား စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၃၅ ကီလိုနှင့်လည်းကောင်း၊ အောက်တိုဘာ ၃ ရက် ည ၈ နာရီတွင် မဟာ အောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၆၂ လမ်း၊ ၄၃ လမ်းထောင့်ရှိ ရဲရင့်၏အခန်းအား ဝင်ရောက် ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၂၈ ကီလိုအားလည်းကောင်း၊ ည၈ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၆၆ လမ်း၊ ၃၀ x ၃၁ ကြားတွင် သက်ပိုင်ဇော် အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၅၀ ၊ ကက်တမင်း သုည ဒသမ ၀၄၅ ကီလိုနှင့်လည်းကောင်း၊ အောက်တိုဘာ ၅ ရက် နံနက် ၂ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး ပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၆၆ လမ်း၊ ၃၀ x ၃၁ ကြားရှိ သက်ပိုင်ဇော်၏နေအိမ်မှ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၅ ဒသမ ၂ ကီလိုအားလည်းကောင်း၊ နံနက် ၂ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး ပျော်ဖွယ်အရှေ့ရပ်ကွက်၊ ၆၆ လမ်း၊ ၃၀ x ၃၁ ကြားရှိ ရဲရင့်ဝင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၆ ပြားကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီတွင် ရပ်စောက်မြို့၊ ဗထူးရပ်ကွက်တွင် ခင်မောင်ထွန်း မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)